လူ့တန်ဖိုး လူသားတွေဟာ ဒီသတ္တလောကကြီးမှာ အသိဉာဏ် နဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံးလို့ ဆိုနိုင်ပါတယ်၊၊ လူ့ဘဝ ဆိုတာ တကယ့်ကို ရနိုင်ခဲတဲ့ ဘဝလို့လဲ ဆိုကြပါတယ်၊၊ ဒီလိုရနိုင်ခဲတဲ့ လူ့ဘဝဟာလဲ မိခင်ဝမ်းက ကျွတ်ပြီး ပျမ်းမျှ သက်တမ်း အနှစ် ၇၀-၈၀ အများဆုံး ၁၀၀ ကျော်လောက်သာ ရှင်သန်ကြရပါတယ်၊၊ ကျုပ်တို့ နိုင်ငံသားတွေရဲ့ ပျမ်းမျှ သက်တမ်းက အသက် ၆၀-၇၀ လောက်ဘဲရှိပါတယ်၊၊ ဒါတောင် အေးအေး ချမ်းချမ်းနဲ့ နေရမှပါ၊၊ နိုင်ငံခြား သွား ရွှေ့ပြောင်း အလုပ်သမား ဘဝနဲ့ ခိုးကြောင် ခိုးဝှက်နဲ့ နေထိုင်ရ အလုပ်လုပ် ကြရမယ် ဆိုရင်တော့ ငယ်ငယ် ရွယ်ရွယ်နဲ့ကို အသေစောဖို့ သေချာ ပါတယ်၊၊ ပြည်တွင်းမှာ နေပြီး ကူးစက်ရောဂါ ပေါင်းစုံနဲ့ နပမ်းလုံး နေရရင်လဲ မချောင်လှ ပါဘူး၊၊ ဒီတော့ ရတောင့် ရခဲတဲ့ လူ့ဘဝ၊ သက်တမ်း အားဖြင့် သိပ်မရှည်လှတဲ့ လူ့ဘဝကို ဘယ်လို ဖြတ်သန်းကြ မှာလဲ? လူ့ဘဝရဲ့ တန်ဖိုးကို ကျုပ်တို့ ဘယ်လို တိုင်းတာ ဆုံးဖြတ် ကြမှာလဲ? လူရယ်လို့ဖြစ်လာရင် တန်ဖိုးရှိတဲ့ လူသားအဖြစ်ကို လူတိုင်း ရယူ ပိုင်ဆိုင် ချင်ကြမှာပါ၊၊ ဒါဆိုရင် လူဆိုတာ ဘာလဲ? တန်ဖိုးဆိုတာ ဘာလဲ? ဒါတွေကို အရင် မေး၊ဖြေ ရမှာပါ၊၊ အကြမ်းဖျင်း အားဖြင့် အသိတရားရှိ မှတ်ဉာဏ်ရှိ အကောင်းအဆိုး အမှားအမှန် ဝေဖန် ပိုင်ခြားနိုင်တဲ့၊ အဓိပ္ပါယ်တမျိုးမျိုး ထွက်တဲ့ စကားသံနဲ့ စာပေတွေ သုံးစွဲတတ်တဲ့ ခြေနှစ်ချောင်းနဲ့ နားရွက်တိုတိုရှိတဲ့ သတ္တဝါကို လူ လို့ဆိုကြရအောင်၊၊ တန်ဖိုး ဆိုတာ ကကော ဘာလဲ? တန်ဖိုး ဆိုတာကတော့ ဈေးနှုန်း သတ်မှတ်ချက် အရ ငွေကြေးနဲ့ ဒါမှမဟုတ် အရည်အသွေးနဲ့ ဘယ်လောက် ညီမျှတယ် ထိုက်တန်တယ် ဆိုတာကို ဆိုလိုလိမ့်မယ် ထင်တယ်၊၊ ဒါဆိုရင် လူ့ဘဝတန်ဖိုးကို ဘယ်လိုတိုင်းတာ ဆုံးဖြတ်ကြမှာလဲ? လူပုဂ္ဂိုလ်အလိုက် လူမျိုးအလိုက် ဘာသာရေး ယုံကြည်မှု အဆုံးအမ အလိုက် မိမိတို့ရဲ့ ခံယူချက် အလိုက် လူ့တန်ဖိုးရဲ့ အဖြေတွေ ကွဲပြားကြမှာ အမှန်ပါဘဲ၊၊ ရုပ်ရည် ချောမောတာ၊ စာတတ် ပေတတ် ပညာတတ် ဘွဲ့ထူးဂုဏ်ထူးရှိတာ၊ အပြောအဆို ပြေပြစ်ချိုသာတာ၊ လူပေါင်း ဆန့်ပြီး မိတ်ဆွေ အပေါင်းအသင်း ပေါတာ၊ အသိုင်းအဝိုင်း ဆွေဂုဏ် မျိုးဂုဏ်ရှိတာ၊ စိတ်ကောင်း ရှိတာ၊ စီးပွါးရေး ကောင်းပြီး ကြီးပွါး အောင်မြင် ဥစ္စာ ပေါတာ၊ ရာထူး ဌာနန္တရ ကောင်းတာ၊ အောက်ဆိုက် ကောင်းတာ၊ လူတန်းစေ့ အထက်တန်း ကျကျ နေနိုင်တာ၊ အပူအပင် သောက ကင်းပြီး အေးအေး ချမ်းချမ်း၊ ချမ်းချမ်း သာသာ နေရတာ၊ ဘယ်နိုင်ငံသား ဘယ်လူမျိုး ဖြစ်ရတာ၊ ဘယ် ဘာသာဝင် ဖြစ်ရတာ အဲ့သလို အဲ့သလို အမျိုးမျိုး အဖြေပေး ကြမှာပါ၊၊ ထိုက်သင့် သလောက် တော့ မှန်ပါလိမ့်မယ်၊၊ ဒါပေမယ့် တကယ့် ပြီးပြည့်စုံတဲ့ အဖြေ ကောင်းတော့ မဟုတ်သေး ပါဘူး၊၊ လောကီ အမြင်နဲ့ ကြည့်ကြရအောင်၊၊ လူ့တန်ဖိုး အစစ်အမှန် ကတော့ ဝိဇ္ဇာ လို့ခေါ်တဲ့ အရှိနဲ့ အမှန်ကို အစအဆုံး ပကတိ အတိုင်း ထိုးထွင်း သိမြင်မှုနဲ့ စရဏ လို့ခေါ်တဲ့ လိုက်နာ ကျင့်ကြံ အားထုတ် အပ်တဲ့ အကျင့်တရား ကောင်းတွေ တွေနဲ့ ပြီးပြည့်စုံမှု တို့ပါဘဲ၊၊ အသိဉာဏ် ပညာ နဲ့ အကျင့် စရိုက်ကောင်း ၂ ရပ်နဲ့ ပြည့်စုံတဲ့ သူကို တကယ့် တန်ဖိုး ရှိတဲ့ လူသား ဖြစ်တယ်လို့ နားလည်လို့ ရပါတယ်၊၊ အဲဒီအချက် ၂ ရပ်က အပြန်အလှန် အမှီ သဟဲပြု ဒွန်တွဲလျက် ရှိဖို့ လိုပါတယ်၊၊ ၂ ရပ်စလုံး ပြည့်စုံမှ တန်ဖိုး ရှိသူ ဖြစ်လာမှာပါ၊၊ လူ တယောက်ဟာ အသိဉာဏ် ပညာတွေ မြင့်မားလာရင် ဘယ်ဟာကဖြင့် အပ်စပ် တင့်တော်တယ်၊ ကောင်းမွန် သင့်မြတ်တယ်၊ မှန်ကန် အကျိုးရှိတယ်၊ ဆိုတာကို သိမြင် လာတယ်၊၊ ဒီနေရာမှာ ဒီလို တွေးသင့်တယ်၊ ဒါတော့ ဒီလို ပြောရင် မှန်ကန် အကျိုးရှိတယ်၊ ဒီလိုလုပ်ရင် မွန်မြတ်တယ် ဆိုတာ အလိုလို သိလာ ပါလိမ့်မယ်၊၊ အဲဒီတော့ ကောင်းတဲ့ အကျင့် စရိုက်တွေ မွေးမြူ ကျင့်သုံးနိုင်ဖို့ လမ်းကြောင်း အကျယ်ကြီး ပွင့်သွား ပါပြီ၊၊ ကိုယ်တိုင် ကျင့်သုံးရုံ လေးဘဲ ကျန်ပါတော့မယ်၊၊ အကျင့်စရိုက် ကောင်းသူ တွေဟာ ကိုယ်စိတ် ကြည်လင်တဲ့ အတွက် သမာဓိရှိဖို့၊ ပညာတိုးဖို့ အခွင့်အလမ်း ကောင်း ပါတယ်၊၊ သမာဓိနဲ့ ပညာ တိုးလို့ လုပ်ငန်း အကြံအစည် အောင်မြင်ဖို့ အခြေအနေ အခွင့် အလမ်း ပွင့်သွား ပါတယ်၊၊ ကိုယ် ရရှိထားတဲ့ အသိဉာဏ် ပညာက အကျင့် စရိုက်ကောင်းနဲ့ ပြည့်စုံသူ ဖြစ်ဖို့ မထိန်းကျောင်း ပေးနိုင်ဘူး ဆိုရင် အဲဒီ အသိဉာဏ် ပညာက ကိုယ့်ကိုယ်ကို အကျိုးယုတ် စေရုံတင် မဟုတ်ပါဘူး တပါးသူတွေ ကိုလည်း အကျိုးယုတ်စေ၊ ဘေး အန္တရာယ်ဆိုး ဆိုက်ရောက်စေ ပါတယ်၊၊ အကျင့်စရိုက် ယုတ်ညံ့သူတွေ အသိ ဉာဏ်ပညာ ကြီးလေလေ အများ အကျိုး ယုတ်လေလေ ပါဘဲ၊၊ ကလိမ် ကကျစ် ဉာဏ်တွေက ဒလဟောကို ထွက်ထွက် ကျနေလို့ပါ၊၊ မကောင်းကျိုး ကတော့ လာမှာ သေချာ ပါတယ်၊၊ အနှေးနဲ့ အမြန်ဘဲ ကွာပါတယ်၊၊ တဖက်မှာလည်း အကျင့် စရိုက်ကောင်း ရှိချင်ပေမဲ့ အမှားအမှန် အကောင်း အဆိုးကို ဝေဖန် ပိုင်းခြားနိုင်တဲ့ အသိဉာဏ် ပညာ မရှိခဲ့ဘူး ဆိုရင် အကျင့်စရိုက် ကောင်းနဲ့ ပြည်စုံတဲ့သူ ဖြစ်လာဖို့ လမ်းစ မရှိပါဘူး၊၊ အဲဒီတော့ ပညာမဲ့ လူမိုက် တွေ ကြံစည် ပြောဆို ကြိုးစား လုပ်ကိုင် လေလေ အမှား အဖန်တရာ တေ လေလေ ပါဘဲ၊၊ မှောင်မိုက်တဲ့ တောကြီး မျက်မဲထဲ တိုးဝင်သွားတဲ့ ငကန်းလိုပေါ့၊၊ ဟိုသစ်ပင် ဝင်ဆောင့်လိုက်၊ ဒီဆူးခြုံနဲ့ ညိလိုက် ဟိုနွယ်နဲ့ ပတ်လိုက် ဒီကျင်းထဲ ကျွံကျလိုက်နဲ့ ပတ်ချာလည်ကို ရှုပ်နေတော့ တာပါ၊၊ ဒါနဲ့တင် ဘယ်ပြီးမလဲ၊၊ ဟိုကျိန်လိုက် ဒီဆဲလိုက်နဲ့ တတောလုံး ကို ဟိန်းပြီး ညံစီ သွားတော့မှာ၊၊ အသိဉာဏ် ပညာကို အားကောင်းတဲ့ အင်ဂျင်စက် တပ်ဆင်ထားတဲ့ မော်တော်ကား အသစ်နဲ့ ဥပမာပြုမယ် ဆိုရင် အကျင့်စရိုက် ကိုတော့ စတီယာရင်နဲ့ ဘရိတ် လို့ ဥပမာပြု ရမှာပါ၊၊ ကားမောင်းသူ တဦးဟာ လိုရာခရီးကို ရောက်ရှိဖို့ ကောင်းမွန်တဲ့ ကား အင်ဂျင်စက် ရှိဖို့ လိုသလို ဖြတ်သန်း သွားရမဲ့ ခရီးလမ်း တလျှောက်မှာ မောင်းနှင် သူရော လမ်းပေါ် မှာရှိတဲ့ တခြား သူတွေပါ အန္တရာယ် ကင်းဖို့အတွက် ရှောင်တိမ်း ကွေ့ဝိုက် နိုင်ဖို့ စတီယာရင် ကောင်းနဲ့ လိုအပ်တဲ့ နေရာမှာ အရှိန်သတ်၊ ရပ်နားနိုင်ဖို့ ဘရိတ်ကောင်း ရှိဖို့ လိုပါတယ်၊၊ အင်ဂျင်ဘဲ ကောင်းပြီး စတီယာရင်နဲ့ ဘရိတ် မကောင်းရင် လမ်းပေါ် ရှိရှိသမျှ ဝင်းကြုံးထဲ့ပြီး ဘရိတ်နဲ့လဲ အရှိန် မသတ်နိုင်ရင် နောက်ဆုံး ဂျွမ်းထိုး မှောက်ခုံနဲ့ အုတ်နံရံနဲ့ ဆောင့်မလား၊ ချောက်ထဲဘဲ ထိုးကျမလားနဲ့ ခရီး မရောက်နိုင်တော့ ပါဘူး၊၊ ကိုယ်လည်း ဘေးရောက် တပါးသူ အတွက်လဲ အန္တရာယ် များပါတယ်၊၊ အဲ လက်ကိုင် စတီယာရင်နဲ့ ဘရိတ်တော့ ကောင်းပါရဲ့ ခရီးရောက်ဖို့ တွန်းပို့နိုင်တဲ့ အင်ဂျင်ကောင်း မရှိရင် တန်ဖိုး ရှိရာဆီ ဘယ်ခရီး ရောက်နိုင်ပါ့မလဲ? ဘဝသံသရာ ခရီးမှာ လျှောက်လှမ်း နေကြတဲ့ လူသားတိုင်း အသိ ဉာဏ်ပညာ တည်းဟူသော အင်ဂျင်ကောင်း ကားသစ်စီးပြီး တပါးသူကို ထိခိုက်နစ်နာ အန္တရာယ် မဖြစ်အောင် ရှောင်တိမ်း ရပ်တန့် ပေးနိုင်တဲ့ အကျင့် စရိုက်ကောင်း တည်းဟူသော စတီယာရင်နဲ့ ဘရိတ် ကိုင်စွဲကာ ထိန်းထိန်း သိမ်းသိမ်းနဲ့ တန်ဖိုးရှိတဲ့ လူ့လောက ခရီးကို ပန်းတိုင် အရောက် ချီတက်နိုင်ကြ ပါစေသား၊၊ မင်းတလပွန် ၁၆၊ ၀၉၊ ၀၈
Tuesday, September 16, 2008
Value of Human being
Posted by Mettā Mon at 7:43 AM 1 comments
Subscribe to:
Posts (Atom)