Thursday, June 24, 2010

Thursday, March 4, 2010

pañca silaŋ

Yodhoso mohacatena buddhasmiŋ dhammasmiŋ saṅghasmiŋ pakatomeya thamthame kataŋdesaŋ sabbapāpaŋ vinassantu.

Dutiyampi ........

Tatiyampi ........

Ahaṃ bhante tisaraṇena saha pãncasīlaŋ dhammaŋyācāmi, anuggahaŋ katvā sīlaŋdetha me bhante.

Dutiyaṃpi ahaṃ bhante tisaraṇena saha pãncasīlaŋ dhammaŋyācāmi, anuggahaŋ katvā sīlaŋdetha me bhante.

Tatiyaṃpi ahaṃ bhante tisaraṇenasaha pãncasīlaŋ dhammaŋyācāmi, anuggahaŋ katvā sīlaŋdetha me bhante.

(Namotassa bhagavato arahato sammāsambuddhassa.)3 time

Buddhaŋ saraṇaŋ gacchāmi. Dhammaŋ saraṇaŋ gaccahāmi. Saŋghaŋ saraṇaŋ gacchāmi.

Dutiyampi buddhaŋ saraṇaŋ gacchāmi. Dutiyampi dhammaŋ saraṇaŋ gaccahāmi. Dutiyampi saŋghaŋ saraṇaŋ gacchāmi.

Tatiyampi buddhaŋ saraṇaŋ gacchāmi. Tatiyampi dhammaŋ saraṇaŋ gaccahāmi. Tatiyampi saŋghaŋ saraṇaŋ gacchāmi.

(āma bhante)

  1. pāṇātipātā verāmaṇi sikkhāpadaŋ samādiyāmi
  2. adinnadānā verāmaṇi sikkhāpadaŋ samādiyāmi
  3. kāmesu micchācārā verāmaṇi sikkhāpadaŋ samādiyāmi
  4. musāvādā verāmaṇi sikkhāpadaŋ samādiyāmi
  5. sūrāmeraya majjapamā daṭṭhānā verāmaṇi sikkhāpadaŋ samādiyāmi

3.3.2.10

Sunday, February 28, 2010

သုစရိုက် ၁၀ ပါး ဒုစရိုက် ၁၀ ပါး

ကာယဒုစရိုက်၊

ပါနာတိပါတာ တပါးသူရဲ့ အသက်သတ်

အဒိန္နဒါနာ တပါးသူရဲ့ ပစ္စည်းဥစ္စာ ခိုး

ကာမေသုမိစ္ဆာ စာရ မှားယွင်းတဲ့ ကာမမေထုန်အကျင့်

ဝစီဒုစရိုက်၊

မုသာ လိမ်လည်ပြောဆို၊ ရေးသား၊ ထုတ်လွှင့်

ဂုံးတိုက် သွေးထိုး မြှူဆွယ်

ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းသောစကား

အတင်းအဖျင်း ယုတ်ညံ့သောစကား

မနောဒုစရိုက်၊

အဘိစ္ဈာ တပါးသူရဲ့ ဥစ္စာ လိုချင်တပ်မက်စိတ်၊ တပါးသူ ကောင်းစားတာ မနာလိုစိတ်

ဗျာပါဒ သူတပါးသူရဲ့ ဥစ္စာဖျက်ဆီး လိုစိတ်၊ တပါးသူအပေါ် မကောင်းကြံစိတ်၊

မိစ္ဆာဒိဋ္ဌိ အသိအမြင်မှား ကံ ကံရဲ့ အကျိုးမယုံတဲ့စိတ်၊ သစ္စာ ၄ ပါး မယုံကြည်တဲ့စိတ်


 

ပညာရှိသူတော်ကောင်း သတိပညာနဲ့ သုစရိုက် တရားကို ကျင့်သုံးကြတယ်၊၊ ပညာရှိသူတော်ကောင်းအထောင်အသောင်းကြောင့် ဘယ်သူ့မှ ဒုက္ခ ရောက်မှာ မဟုတ်ပေ၊၊

ပညာမဲ့သူယုတ်မာ လူမိုက် တွေဟာ ဒုစရိုက် မျိုးစုံကို သတိကင်းမဲ့စွာ ကျင့်ကြံလုပ်ကိုင်ကြပါ၊၊ ပညာမဲ့ သူယုတ်မာ ဗာလနံ တယောက် အတွက်ကြောင့် လူတိုင်း ဒုက္ခ ရောက်နိုင်၊၊

ဗာလ ဖြစ်မှန်း ကိုယ့်ကိုယ် ကိုသိရင် ပဏ္ဍိတ၊၊ ကိုယ့်ကိုယ် ကို ကိုယ်သိတဲ့ သူ၊၊

ဗာလ ဖြစ်နေလျက်နဲ့ ကိုယ့်ကိုယ် ကို ပဏ္ဍိတလို့ထင်နေတဲ့သူဟာ တကယ့် ဗာလ၊၊ တိုးတက်ကြီးပွားကြောင်း မရှာသူ၊ သုစရိုက် မသိ မလိုက်နာသူ၊၊ ကိုယ့်ကိုယ်ကို လည်းဒုက္ခပေး တပါးသူလည်း ဒုက္ခပေး၊၊

လူမိုက်နဲ့ မပေါင်းသင်းမနေထိုင်ရုံနဲ့ မလုံးလောက်သေးပါဘူး၊ လူမိုက်တွေ ကြိုက်တဲ့ စကား၊ သုံးနေကျစကား ကို နောက်ကလိုက်သုံးနေတာလဲ လူမိုက်အားပေး လူမိုက်ကြီးပါဘဲ၊၊


 

ဣဿာ မိစ္ဆရိယ

မိစ္ဆရိယ ကိုယ့်မှာ ရှိတာ ရထားတာ တပါးသူ ကို မပေးချင် သဝန်တို လောဘ

ဣဿာ သူတပါးကြီးပွား ချမ်းသာ ရရှိမှုကို မနာလို ဒေါသ မုဒိသာနဲ့တိုက်

လောဘ ဒေါသ ဟာ ဒုက္ခအားလုံးရဲ့ အရင်းခံဖြစ်လို့ သမုဒယ သစ္စာ

ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာ လောဘ

လောဘ သတ်နိုင် ဒုက္ခငြိမ်း

ကိုယ်မဖြစ်ချင်တာ ကိုယ်မလိုချင်တာ ဒေါသ

ဖြစ်နေတဲ့ဟာကို သည်းခံနိုင်ရင် ဒေါသကင်း

ကိုယ်နှုတ် ထိန်း သီလ > လူကောင်း

စိတ်ပေါ်ထိန်း သမာဓိ > လူဖြောင့်

စိတ်ထဲ အညစ်အကြေး ရှိသိအောင် ကြိုးစား ပညာ > သူတော်ကောင်း

ကိလေသ ၁၀ ပါး စိတ်ကို ညစ်ညူးစေတဲ့ တရား

လောဘ ဒေါသ မောဟ မာန(ထောင်လွှားမှု) ဒိဋ္ဌ(အမြင်) ဝိစိကိစ္ဆာ(သံသယ) ထိနံ ဥဒ္ဓစ္စံ အဟိရိကံ အနောတ္တပ္ပံ

အကောင်း အဆိုး ဒွန်တွဲ လာနေရင် အကောင်းကိုယူ၊

ကောင်းတာ တခုမှ မရှိရင် ဥပေက္ခာပြု

Tuesday, September 16, 2008

Value of Human being

လူ့တန်ဖိုး

လူသားတွေဟာ ဒီသတ္တလောကကြီးမှာ အသိဉာဏ် နဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံးလို့ ဆိုနိုင်ပါတယ်၊၊ လူ့ဘဝ ဆိုတာ တကယ့်ကို ရနိုင်ခဲတဲ့ ဘဝလို့လဲ ဆိုကြပါတယ်၊၊ ဒီလိုရနိုင်ခဲတဲ့ လူ့ဘဝဟာလဲ မိခင်ဝမ်းက ကျွတ်ပြီး ပျမ်းမျှ သက်တမ်း အနှစ် ၇၀-၈၀ အများဆုံး ၁၀၀ ကျော်လောက်သာ ရှင်သန်ကြရပါတယ်၊၊ ကျုပ်တို့ နိုင်ငံသားတွေရဲ့ ပျမ်းမျှ သက်တမ်းက အသက် ၆၀-၇၀ လောက်ဘဲရှိပါတယ်၊၊ ဒါတောင် အေးအေး ချမ်းချမ်းနဲ့ နေရမှပါ၊၊ နိုင်ငံခြား သွား ရွှေ့ပြောင်း အလုပ်သမား ဘဝနဲ့ ခိုးကြောင် ခိုးဝှက်နဲ့ နေထိုင်ရ အလုပ်လုပ် ကြရမယ် ဆိုရင်တော့ ငယ်ငယ် ရွယ်ရွယ်နဲ့ကို အသေစောဖို့ သေချာ ပါတယ်၊၊ ပြည်တွင်းမှာ နေပြီး ကူးစက်ရောဂါ ပေါင်းစုံနဲ့ နပမ်းလုံး နေရရင်လဲ မချောင်လှ ပါဘူး၊၊


 

ဒီတော့ ရတောင့် ရခဲတဲ့ လူ့ဘဝ၊ သက်တမ်း အားဖြင့် သိပ်မရှည်လှတဲ့ လူ့ဘဝကို ဘယ်လို ဖြတ်သန်းကြ မှာလဲ? လူ့ဘဝရဲ့ တန်ဖိုးကို ကျုပ်တို့ ဘယ်လို တိုင်းတာ ဆုံးဖြတ် ကြမှာလဲ? လူရယ်လို့ဖြစ်လာရင် တန်ဖိုးရှိတဲ့ လူသားအဖြစ်ကို လူတိုင်း ရယူ ပိုင်ဆိုင် ချင်ကြမှာပါ၊၊ ဒါဆိုရင် လူဆိုတာ ဘာလဲ? တန်ဖိုးဆိုတာ ဘာလဲ? ဒါတွေကို အရင် မေး၊ဖြေ ရမှာပါ၊၊ အကြမ်းဖျင်း အားဖြင့် အသိတရားရှိ မှတ်ဉာဏ်ရှိ အကောင်းအဆိုး အမှားအမှန် ဝေဖန် ပိုင်ခြားနိုင်တဲ့၊ အဓိပ္ပါယ်တမျိုးမျိုး ထွက်တဲ့ စကားသံနဲ့ စာပေတွေ သုံးစွဲတတ်တဲ့ ခြေနှစ်ချောင်းနဲ့ နားရွက်တိုတိုရှိတဲ့ သတ္တဝါကို လူ လို့ဆိုကြရအောင်၊၊ တန်ဖိုး ဆိုတာ ကကော ဘာလဲ? တန်ဖိုး ဆိုတာကတော့ ဈေးနှုန်း သတ်မှတ်ချက် အရ ငွေကြေးနဲ့ ဒါမှမဟုတ် အရည်အသွေးနဲ့ ဘယ်လောက် ညီမျှတယ် ထိုက်တန်တယ် ဆိုတာကို ဆိုလိုလိမ့်မယ် ထင်တယ်၊၊


 

ဒါဆိုရင် လူ့ဘဝတန်ဖိုးကို ဘယ်လိုတိုင်းတာ ဆုံးဖြတ်ကြမှာလဲ? လူပုဂ္ဂိုလ်အလိုက် လူမျိုးအလိုက် ဘာသာရေး ယုံကြည်မှု အဆုံးအမ အလိုက် မိမိတို့ရဲ့ ခံယူချက် အလိုက် လူ့တန်ဖိုးရဲ့ အဖြေတွေ ကွဲပြားကြမှာ အမှန်ပါဘဲ၊၊ ရုပ်ရည် ချောမောတာ၊ စာတတ် ပေတတ် ပညာတတ် ဘွဲ့ထူးဂုဏ်ထူးရှိတာ၊ အပြောအဆို ပြေပြစ်ချိုသာတာ၊ လူပေါင်း ဆန့်ပြီး မိတ်ဆွေ အပေါင်းအသင်း ပေါတာ၊ အသိုင်းအဝိုင်း ဆွေဂုဏ် မျိုးဂုဏ်ရှိတာ၊ စိတ်ကောင်း ရှိတာ၊ စီးပွါးရေး ကောင်းပြီး ကြီးပွါး အောင်မြင် ဥစ္စာ ပေါတာ၊ ရာထူး ဌာနန္တရ ကောင်းတာ၊ အောက်ဆိုက် ကောင်းတာ၊ လူတန်းစေ့ အထက်တန်း ကျကျ နေနိုင်တာ၊ အပူအပင် သောက ကင်းပြီး အေးအေး ချမ်းချမ်း၊ ချမ်းချမ်း သာသာ နေရတာ၊ ဘယ်နိုင်ငံသား ဘယ်လူမျိုး ဖြစ်ရတာ၊ ဘယ် ဘာသာဝင် ဖြစ်ရတာ အဲ့သလို အဲ့သလို အမျိုးမျိုး အဖြေပေး ကြမှာပါ၊၊ ထိုက်သင့် သလောက် တော့ မှန်ပါလိမ့်မယ်၊၊ ဒါပေမယ့် တကယ့် ပြီးပြည့်စုံတဲ့ အဖြေ ကောင်းတော့ မဟုတ်သေး ပါဘူး၊၊


 

လောကီ အမြင်နဲ့ ကြည့်ကြရအောင်၊၊ လူ့တန်ဖိုး အစစ်အမှန် ကတော့ ဝိဇ္ဇာ လို့ခေါ်တဲ့ အရှိနဲ့ အမှန်ကို အစအဆုံး ပကတိ အတိုင်း ထိုးထွင်း သိမြင်မှုနဲ့ စရဏ လို့ခေါ်တဲ့ လိုက်နာ ကျင့်ကြံ အားထုတ် အပ်တဲ့ အကျင့်တရား ကောင်းတွေ တွေနဲ့ ပြီးပြည့်စုံမှု တို့ပါဘဲ၊၊ အသိဉာဏ် ပညာ နဲ့ အကျင့် စရိုက်ကောင်း ၂ ရပ်နဲ့ ပြည့်စုံတဲ့ သူကို တကယ့် တန်ဖိုး ရှိတဲ့ လူသား ဖြစ်တယ်လို့ နားလည်လို့ ရပါတယ်၊၊ အဲဒီအချက် ၂ ရပ်က အပြန်အလှန် အမှီ သဟဲပြု ဒွန်တွဲလျက် ရှိဖို့ လိုပါတယ်၊၊ ၂ ရပ်စလုံး ပြည့်စုံမှ တန်ဖိုး ရှိသူ ဖြစ်လာမှာပါ၊၊


 

လူ တယောက်ဟာ အသိဉာဏ် ပညာတွေ မြင့်မားလာရင် ဘယ်ဟာကဖြင့် အပ်စပ် တင့်တော်တယ်၊ ကောင်းမွန် သင့်မြတ်တယ်၊ မှန်ကန် အကျိုးရှိတယ်၊ ဆိုတာကို သိမြင် လာတယ်၊၊ ဒီနေရာမှာ ဒီလို တွေးသင့်တယ်၊ ဒါတော့ ဒီလို ပြောရင် မှန်ကန် အကျိုးရှိတယ်၊ ဒီလိုလုပ်ရင် မွန်မြတ်တယ် ဆိုတာ အလိုလို သိလာ ပါလိမ့်မယ်၊၊ အဲဒီတော့ ကောင်းတဲ့ အကျင့် စရိုက်တွေ မွေးမြူ ကျင့်သုံးနိုင်ဖို့ လမ်းကြောင်း အကျယ်ကြီး ပွင့်သွား ပါပြီ၊၊ ကိုယ်တိုင် ကျင့်သုံးရုံ လေးဘဲ ကျန်ပါတော့မယ်၊၊ အကျင့်စရိုက် ကောင်းသူ တွေဟာ ကိုယ်စိတ် ကြည်လင်တဲ့ အတွက် သမာဓိရှိဖို့၊ ပညာတိုးဖို့ အခွင့်အလမ်း ကောင်း ပါတယ်၊၊ သမာဓိနဲ့ ပညာ တိုးလို့ လုပ်ငန်း အကြံအစည် အောင်မြင်ဖို့ အခြေအနေ အခွင့် အလမ်း ပွင့်သွား ပါတယ်၊၊


 

ကိုယ် ရရှိထားတဲ့ အသိဉာဏ် ပညာက အကျင့် စရိုက်ကောင်းနဲ့ ပြည့်စုံသူ ဖြစ်ဖို့ မထိန်းကျောင်း ပေးနိုင်ဘူး ဆိုရင် အဲဒီ အသိဉာဏ် ပညာက ကိုယ့်ကိုယ်ကို အကျိုးယုတ် စေရုံတင် မဟုတ်ပါဘူး တပါးသူတွေ ကိုလည်း အကျိုးယုတ်စေ၊ ဘေး အန္တရာယ်ဆိုး ဆိုက်ရောက်စေ ပါတယ်၊၊ အကျင့်စရိုက် ယုတ်ညံ့သူတွေ အသိ ဉာဏ်ပညာ ကြီးလေလေ အများ အကျိုး ယုတ်လေလေ ပါဘဲ၊၊ ကလိမ် ကကျစ် ဉာဏ်တွေက ဒလဟောကို ထွက်ထွက် ကျနေလို့ပါ၊၊ မကောင်းကျိုး ကတော့ လာမှာ သေချာ ပါတယ်၊၊ အနှေးနဲ့ အမြန်ဘဲ ကွာပါတယ်၊၊


 

တဖက်မှာလည်း အကျင့် စရိုက်ကောင်း ရှိချင်ပေမဲ့ အမှားအမှန် အကောင်း အဆိုးကို ဝေဖန် ပိုင်းခြားနိုင်တဲ့ အသိဉာဏ် ပညာ မရှိခဲ့ဘူး ဆိုရင် အကျင့်စရိုက် ကောင်းနဲ့ ပြည်စုံတဲ့သူ ဖြစ်လာဖို့ လမ်းစ မရှိပါဘူး၊၊ အဲဒီတော့ ပညာမဲ့ လူမိုက် တွေ ကြံစည် ပြောဆို ကြိုးစား လုပ်ကိုင် လေလေ အမှား အဖန်တရာ တေ လေလေ ပါဘဲ၊၊ မှောင်မိုက်တဲ့ တောကြီး မျက်မဲထဲ တိုးဝင်သွားတဲ့ ငကန်းလိုပေါ့၊၊ ဟိုသစ်ပင် ဝင်ဆောင့်လိုက်၊ ဒီဆူးခြုံနဲ့ ညိလိုက် ဟိုနွယ်နဲ့ ပတ်လိုက် ဒီကျင်းထဲ ကျွံကျလိုက်နဲ့ ပတ်ချာလည်ကို ရှုပ်နေတော့ တာပါ၊၊ ဒါနဲ့တင် ဘယ်ပြီးမလဲ၊၊ ဟိုကျိန်လိုက် ဒီဆဲလိုက်နဲ့ တတောလုံး ကို ဟိန်းပြီး ညံစီ သွားတော့မှာ၊၊


 

အသိဉာဏ် ပညာကို အားကောင်းတဲ့ အင်ဂျင်စက် တပ်ဆင်ထားတဲ့ မော်တော်ကား အသစ်နဲ့ ဥပမာပြုမယ် ဆိုရင် အကျင့်စရိုက် ကိုတော့ စတီယာရင်နဲ့ ဘရိတ် လို့ ဥပမာပြု ရမှာပါ၊၊ ကားမောင်းသူ တဦးဟာ လိုရာခရီးကို ရောက်ရှိဖို့ ကောင်းမွန်တဲ့ ကား အင်ဂျင်စက် ရှိဖို့ လိုသလို ဖြတ်သန်း သွားရမဲ့ ခရီးလမ်း တလျှောက်မှာ မောင်းနှင် သူရော လမ်းပေါ် မှာရှိတဲ့ တခြား သူတွေပါ အန္တရာယ် ကင်းဖို့အတွက် ရှောင်တိမ်း ကွေ့ဝိုက် နိုင်ဖို့ စတီယာရင် ကောင်းနဲ့ လိုအပ်တဲ့ နေရာမှာ အရှိန်သတ်၊ ရပ်နားနိုင်ဖို့ ဘရိတ်ကောင်း ရှိဖို့ လိုပါတယ်၊၊ အင်ဂျင်ဘဲ ကောင်းပြီး စတီယာရင်နဲ့ ဘရိတ် မကောင်းရင် လမ်းပေါ် ရှိရှိသမျှ ဝင်းကြုံးထဲ့ပြီး ဘရိတ်နဲ့လဲ အရှိန် မသတ်နိုင်ရင် နောက်ဆုံး ဂျွမ်းထိုး မှောက်ခုံနဲ့ အုတ်နံရံနဲ့ ဆောင့်မလား၊ ချောက်ထဲဘဲ ထိုးကျမလားနဲ့ ခရီး မရောက်နိုင်တော့ ပါဘူး၊၊ ကိုယ်လည်း ဘေးရောက် တပါးသူ အတွက်လဲ အန္တရာယ် များပါတယ်၊၊ အဲ လက်ကိုင် စတီယာရင်နဲ့ ဘရိတ်တော့ ကောင်းပါရဲ့ ခရီးရောက်ဖို့ တွန်းပို့နိုင်တဲ့ အင်ဂျင်ကောင်း မရှိရင် တန်ဖိုး ရှိရာဆီ ဘယ်ခရီး ရောက်နိုင်ပါ့မလဲ?


 

ဘဝသံသရာ ခရီးမှာ လျှောက်လှမ်း နေကြတဲ့ လူသားတိုင်း အသိ ဉာဏ်ပညာ တည်းဟူသော အင်ဂျင်ကောင်း ကားသစ်စီးပြီး တပါးသူကို ထိခိုက်နစ်နာ အန္တရာယ် မဖြစ်အောင် ရှောင်တိမ်း ရပ်တန့် ပေးနိုင်တဲ့ အကျင့် စရိုက်ကောင်း တည်းဟူသော စတီယာရင်နဲ့ ဘရိတ် ကိုင်စွဲကာ ထိန်းထိန်း သိမ်းသိမ်းနဲ့ တန်ဖိုးရှိတဲ့ လူ့လောက ခရီးကို ပန်းတိုင် အရောက် ချီတက်နိုင်ကြ ပါစေသား၊၊


 

မင်းတလပွန် ၁၆၊ ၀၉၊ ၀၈

Sunday, August 31, 2008

Media

သတင်းမီဒီယာ

ကျုပ်တို့မွေးတဲ့ခေတ်က မဆလ ခေတ်ကောင်းချိန်ဆိုတော့ သတင်းမီဒီယာ အားလုံးကို အာဏာရှင်တွေက ထိန်းချုပ်ထားတဲ့ခေတ်မို့ ပြည်ပအသံလွှင့် ဌာနတွေဖြစ်ကြတဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ စတဲ့အသံလွှင့်ဌာနရဲ့ အသံလွှင့် ချက်တွေ ပြည်တွင်းက လူတွေ အားကိုးရတာ မဆန်းပါဘူး၊၊ အိမ်မှာ ၂ လိုင်းရေဒီယို လေးတလုံးရှိတော့ မဆလက လွှင့်တဲ့ ဗမာအသံအပြင် ပြည်ပ အသံလွှင့် ဌာန တွေက လွှင့်တဲ့ ဗမာသံမျိုးစုံလဲ ကြားရပါတယ်၊၊ အိမ်မှာ အဖေက ဘီဘီစီ၊ ဗွီအိုအေ နေ့စဉ်နားထောင်ပြီး တခါတရံ ပီကင်း အသံလွှင့် ချက်တွေကိုလဲ နားထောင်တတ်လို့ စာရေးသူနဲ့ ပြည်ပအသံလွှင့်ဌာနဆိုတာ ငယ်စဉ် တောင် ကျေး ကလေးဘဝကတည်းက ရင်းနှီး ပြီးသား၊၊

အထူးသဖြင့်ဘီဘီစီကို အစွဲမက်ဆုံးပါ၊၊ ကဏ္ဍစုံတင်ဆက်လို့ပါ၊၊ အဲဒီတုန်းက မဆလ ကလွှင့် တာရော၊ ဘီဘီစီလွှင့်တဲ့ဟာတွေရော ကျုပ်အတွက် အကုန် လုံး အထူးအဆန်း တွေပေါ့၊၊ အစစ စူးစမ်းချင်၊ သိချင်တဲ့အရွယ်ကိုး၊၊ ပြီးတော့ ဘယ်ဒင်းက မှန်တယ် ဘယ်ဟာက မှားတယ်ဆိုတာ ခွဲခြား သိနိုင်စွမ်း မရှိသေး လို့ပါ၊၊ စာဖတ်တာတော့ တေဇ၊ ရွှေသွေး၊ ပညာ တန်ဆောင် ကာတွန်း၊ မဂ္ဂဇင်း မျိုးစုံဖတ်ပါတယ်၊၊

အရွယ်ရောက်ချိန်မှာတော့ မဆလရေဒီယိုက သတင်းဖြစ်ရပ်မှန် တွေထက် အစိုးရ ဖေါ်လံဖါး လုပ်ဖို့သာဖြစ်တဲ့အတွက် သီချင်းကလွဲပြီး အချိန်ဖြုန်းပြီး နားထောင်ချင်စိတ် နည်းလာပါတယ်၊၊ အဲဒီအသံလွှင့်ဌာနကို အယုံအကြည် နည်းလာပြီး စိတ်ကုန်လာတယ်၊ မဆလ သတင်းစာဖတ် ပေမဲ့ တခါလာလဲ မဲပြာပုဆိုးမို့ နိုင်ငံခြားသတင်းနဲ့ ကြော်ငြာလောက်ဘဲ ဖတ်ဖြစ်လာပါတော့ တယ်၊၊ ဒါကိုလဲဖတ်ရတာ စိတ်ကုန်တယ်၊၊

ဒါနဲ့ ဘီဘီစီ၊ ဗွီအိုအေ ဗမာပိုင်းဖက် အချိန်ပြည့်လှည့်လာပါတော့တယ်၊၊ အထူး သဖြင့် ဘီဘီစီ လွှင့်ချိန်မှာ သိချင်တာတွေ၊ ကြားချင်တာတွေ သိရကြား ရတော့ စိတ်ချမ်းသာလို့၊၊ လောကတခွင် လုံး နေသာလို့ သာယာ လှပ နေသလို ခံစား ရတယ်၊၊ အသံလွှင့်ချိန် ကုန်ခါနီးလို့ အပိတ်ဆိုင်းသံ ကြားရတဲ့အခါ တလော ကလုံးနေဝင်လို့ မှောင်အတိဖုံးသလို ခံစား လာရတယ်၊၊ အဲဒီထိ ကိုစွဲတာ၊၊ ၈၈ တုန်းက ဘီဘီစီက အသံလွှင့်ချက် ကို နားထောင်ပြီး လုပ်သင့် တာတွေ လုပ်နိုင်ခဲ့ကြတယ်၊၊

၈၈ နောက်ပိုင်း ဒီဗွီဘီ အာအက်ဖ်အေ တို့မှာလဲ ဗမာဘာသာ အသံလွှင့်အစီ အစဉ်တွေ ရှိလာ တော့ ပိုလို့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာပါတယ်၊၊ ဓမ္မဝါဒီ ဖက်က အင်အား တိုးလာတယ် ပေါ့၊၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ ဝင်ဖက်က၊ ပြည်ထောင်စုဝင် လူမျိုးအသီးသီးဖက်က၊ လွတ်လတ်စွာ ရပ်တည်တဲ့ သတင်း သမား တွေဖက်က၊ အင်တာနက် စာမျက်နှာတွေ အလျှို လျှို ပေါ်လာကြတယ်၊၊

အဲဒီအချိန်မှာ ကျုပ်လည်းနိုင်ငံရေး ပေါက်စနလေးဆိုတော့ တိုင်း၊ ပြည်၊ ပြည်နယ်၊ တိုင်းပြည်၊ နိုင်ငံ၊ နယ်၊ ပြည်ထောင်၊ ပြည်ထောင်စု၊ လူမျိုး၊ လူမျိုးစု၊ တိုင်းရင်းသား၊ ဖက်ဒရယ်မူ၊ ပင်လုံစာချုပ်၊ အမျိုးသားရေး တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမို ကရေစီရေး၊ လူ့အခွင့် အရေး၊ ဗမာ/မြန်မာ ပြဿနာ၊ စတဲ့စတဲ့ ကျုပ်တို့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ စကားလုံးများရဲ့ အဓိပ္ပါယ်တွေ တီးမိခေါက် မိလာတယ်၊၊ ပြီးတော့ သတင်းမီဒီယာ တွေမှာသုံးနေကျ စကားလုံးများရဲ့ အဓိပ္ပါယ် တွေကို ခွဲခြမ်း စိတ်ဖြာတတ်လာတယ်၊၊ တိုင်းပြည် တပြည်၊ လူမျိုးတမျိုး တိုးတက် ကြီးပွား ရေးမှာ မီဒီယာက အခရာကျမှန်း၊ မီဒီယာမှာ သုံးစွဲတဲ့ စကား လုံး တွေကလည်း လူသားတွေအကြား ဆက်ဆံရေး၊ လူမျိုးတမျိုးနဲ့ တမျိုးကြား ဆက်ဆံ ရေးမှာ အရေးကြီးမှန်း သိလာခဲ့တယ်၊၊ မဟာလူမျိုး ကြီးဝါဒီ ဖက်ဆစ် စစ်အာရှင် တွေသုံးတဲ့ စကားလုံး၊ ဒီမိုကရေစီတိုက်ပွဲဝင် သူတွေသုံးတဲ့စကားလုံး၊ အဖိနှိပ်ခံ လူမျိုးတွေ သုံးနှုန်းတဲ့ စကားလုံး၊ ဝါဒစွဲဂိုဏ်း ဂဏစွဲဝါဒီတွေ အခွင့်အရေး သမား ဖေါ်လံဖါးတွေသုံးတဲ့ စကား လုံးတွေ မတူကြပါဘူး၊၊ သူတို့ရဲ့ တိုက်ပွဲဝင် ရတဲ့ ပုံသဏ္ဍာန်၊ ခံယူချက်၊ လူမျိုး ရေး ခံယူချက် နဲ့ကိုယ်ကျိုး တွေက မတူကြပါဘူး၊၊

အာဏာရှင် မဆလဒဏ်နဲ့ ဖက်ဆစ်စစ်အုပ်စုဒဏ်က ထွက်ပြေးလာတဲ့ တော်လှန် ရေးသမား ဆိုသူတွေက ငါတို့ကလွတ်လတ်တဲ့ သတင်းဌာနကွ၊ ဘယ် နိုင်ငံရေး အဖွဲ့အစည်းရဲ့ ဩဇာခံ မဟုတ်၊၊ သတင်း အချက်အလက် တွေကို တိတိကျကျ မှန်မှန်ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် လူတွေ လက်ထဲ အရောက် ပို့ဆောင်ပေးမယ်ပေါ့၊၊ ဘက်မလိုက်ဘူးတဲ့၊၊ တချို့တော့ ရေဒီယို သတင်းဌာန တွေ မှာဝင်ရောက်အမှုထမ်းလာကြတယ်၊၊ ဒီလူတွေ တော်တော် များများက လွတ်လတ်ရေးခေတ် နောက်ပိုင်း မွေးဖွားလာကြသူတွေ၊ မဆလ ခေတ်မှာ မွေးဖွားလာသူများပါတယ်၊၊

ဗမာပိုင်းရေဒီယိုအသံလွှင့်အစီအစဉ်တွေမှာ၊ အင်တာနက် သတင်း စာမျက်နှာ တွေမှာ၊ သတင်း စာတွေမှာ၊ မွန်လူမျိုးကို မြန်မာလူမျိုးလို့ မကြာ ခဏ ပုံမှားရိုက် ထုတ်လွှင့်နေတာကြကို ရိုးနေပြီမို့ အထူးမပြောလို သော်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက မွန်လူမျုိးတို့ရဲ့ ထူးမြတ် တဲ့ မွန်အမျိုးသား နေ့ကို အနှစ်သာရမရှိတဲ့ မွန်ပြည်နယ်နေ့အဖြစ် အကြိမ်ကြိမ် မှားယွင်း ထုတ်လွှင့် တာတော့ သတင်းဖတ်သူတွေက နမော်နမဲ့ နိုင်တာလား၊ ဂရုမစိုက် တာလား၊ ဒါမှမဟုတ် ဖက်ဆစ် စစ်အာဏာရှင် သတင်းဌာနတွေလို ပါရာဖတ် တွေလား၊ တခုခုတော့ တခုခုဘဲ၊၊ မွန်ဘာသာ စကားမှာ ဗမာနဲ့ မြန်မာ အတူတူ ဘဲလို့ သတ်မှတ်ထားပါတယ်၊၊

အင်္ဂလိပ်ထံက လွတ်လတ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ မွန်ပြည် နယ် နဲ့ ရခိုင်ပြည်နယ် ပေးကြဖို့ အနုနည်းနဲ့တောင်းဆိုခဲ့ကြပေမဲ့ လွတ်လတ် ရေးရခါစ မဟာလူမျုိးကြီးဝါဒီတွေ၊ မျက်ကန်းမျိုးချစ်တွေက ဇာတိသွေး ဇာတိ မာန် အရမ်းတက်ကြွပြီး သွေးနထင်ရောက် ဘဝင် လေဟပ်၊ ငါတို့တော့ အင်္ဂလိပ်လက်အောက်ကလွတ်ပြီ၊ ပြည်ထောင်စုထဲမှာရှိတဲ့ အခြားလူမျိုး တွေက ငါတို့လက်အောက်ခံ၊ ငါတို့ကျွန်ပေါ့၊၊ ဗိုလ်ချုပ်နဲ့ သဘောတူ ခဲ့ကြတဲ့ တန်းတူညီမျှတဲ့ ကိုယ်ပိုယ် အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ် ပြည်ထောင်စု အသွင်ပူးပေါင်း လွတ်လတ်ရေး ယူကြဖို့၊ ၁၀ နှစ်ပေါင်းလို့မှ သဘောမကျလျှင် ပြည်ထောင်စု ကနေခွဲထွက်ဖို့ စတဲ့ သဘော တူညီချက်တွေကို ချောင်ထိုးပြီး မိမိအာဏာရရှိရေး၊ တကိုယ်တော် ကောင်းစားရေးဘဲ ရှေ့တန်း တင်ခဲ့ကြတယ်၊၊ အဲဒီလိုအနုနည်းနဲ့ ကိုယ်ပိုယ် အုပ်ချုပ်ခွင့်ရ မွန်ပြည်ကိုတောင်း ဆိုတာကို လိုက်လျောရမည့် အစား ကောက်ကျစ် တဲ့ကလိမ်ဉာဏ်နဲ့ မွန်ပြည် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း လူအုပ်ကြီးနဲ့ တန်းစီဆန္ဒပြခိုင်းခဲ့ကြတယ်၊၊ ဦးဆောင်သူ မွန်အမျိုးသား ခေါင်းဆောင် တွေကိုလည်း ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခဲ့ကြတယ်၊၊ ဒါကြောင့် မွန်အပါအဝင် လူမျိုးအသီးသီးကလည်း မလွှဲမရှောင် သာ လက်နက်ကိုင်တော်လှန်ခဲ့ကြရပြီး တော်လှန်ရေး စစ်မီးကြီး လောင်ကျွမ်း၊ ဦးနေဝင်း အာဏာ လု၊ စစ်အာဏာရှင်ဖက်ဆစ်စနစ်ဆိုး အခြေခိုင် သွား ပါတော့တယ်၊၊ ဦးနေဝင်းက တော်လှန်သူ မျိုးချစ်များကို သောင်းကျန်းသူ အဖျက်သမားဘွဲ့ ပေးအပ်ခဲ့ပါတယ်၊၊ (ကရင်ပြည်နယ်ကတော့ ပါလီမန် ခေတ်မှာ အတည်ပြုပေးခဲ့တယ်လို့ ယူဆရပါတယ်၊၊)

မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကတော့ ဗိုလ်နေဝင်းပေးတဲ့အမွေ၊၊ တိုင်း ၇ တိုင်းဆိုတာလည်း ဗိုလ်နေဝင်းက ဗမာလူပြိန်း(လူကောင်းမပါ) တွေကို ကျောသပ်ချော့သိပ်ဖို့ ပေးထားတဲ့အမွေ၊၊ လူပြိန်းတွေကို အီးနံ့လေး ပေးထားတဲ့ သဘော၊၊ အခုထိ တို့တာဝန်အရေး သုံးပါးနဲ့ လူပြိန်းတွေ အပေါ် ရိုက်စားလို့ ကောင်းတုန်း၊၊ တခြားပြည်ထောင်စုဝင်လူမျိုးတွေက တပြည် နယ်စီဘဲရတဲ့ အချိန်မှာ ဗမာက ၇ ပြည်နယ်(သို့) ၇ တိုင်းများ တောင်ရထားတော့ တိုင်းတွေ အများကြီးရလို့ ကြေနပ်စရာလို့ ထင်စရာ ရှိပါတယ်၊၊ ဗမာတွေက လွတ်လတ် ရေးခေတ် အစပိုင်းမှာ ချောင်သလိုလိုနဲ့ အခုတော့လဲ ဖက်ဆစ်မျက်ကန်း မျိုးချစ်ဝါဒီတွေရဲ့ဒဏ်ကို ကျောကော့ အောင် ခံရတာဘဲ၊၊ ဒဏ်ခံရတဲ့ အတိုင်း အတာ၊ ပမာဏနဲ့ ကာလချင်းတော့ ကွာတာပေါ့၊၊

 
 

မွန်ပြည်နယ်နေ့ကို မဆလ ခေတ်တုန်းက မြို့တော်မော်လမြိုင်မှာ နှစ်စဉ် အာဏာပိုင်တွေ ဦးဆောင်ပြီး ကျင်းပပေးပေမဲ့ မွန်လူမျိုးတွေက အနှစ် သာရ မရှိ၊ ရွှေရည်စိမ်ပြည်နယ်မို့လို့ ဂရု စိုက်ကြတာမဟုတ်ပါဘူး၊၊ မွန်မျိုး ချစ် ဆရာတော်တပါးက ကဗျာတပိုဒ်ဖြစ်တဲ့ (ဍုင်မန်ကဟ် ကဟ် ညံင် အိက်ပဟ်) ကို (လိက်ဂတာပ်ခေတ်) မဂ္ဂဇင်းမှာ ထဲ့သွင်းခဲ့ပါတယ်၊၊ အဓိပ္ပါယ် က ချေချေး ခြောက်လို အနံ့ အရသာမဲ့တဲ့ မွန်ပြည် လို့ဆိုလိုတာပါ၊၊ လိက် ဂတာပ်ခေတ် မဂ္ဂဇင်းကို ထုတ်ဝေပြီး ဆရာတော်လဲ နှစ်ရှည်လများ မဆလ ရဲ့ထောင်နန်းစံ ခဲ့ရပါတယ်၊၊ ဒါကကြုံလို့ မွန်ပြည်နယ်နေ့ အကြောင်း တင်ပြဖြစ်တာ၊၊

နောက်တချက်က ဧရာဝတီ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတဲ့ ကော့ဂွန်း ဂူ ရဲ့နောက်ခံ သမိုင်းကြောင်းလေးပါ၊၊ ဘာတွေမှားနေတယ်လို့ မတင်ပြလို တော့ပါ၊၊ ဒါပေမဲ့ ကိုယ်ရဲ့ တင်ပြချက်က နဝတ၊ နအဖ ရဲ့ သမိုင်းဖြစ်ရပ်မှန် ပြုစုရေးအဖွဲ့လို မဖြစ်ဖို့တော့လိုတယ်၊၊ အဲဒီအလားတူ သတင်းကို မွန်သတင်း ဌာနတွေမှာ ရှာဖတ်ကြည့်လို့ ရပါတယ်၊၊

 
 

နောက်တချက်က ပြည်ထောင်စု ကိုရည်ညွှန်းတဲ့ အသုံးအနှုန်းလေးပါ၊၊ ကျုပ် တို့နေတဲ့ ပြည်ထောင်စု ဆိုတဲ့ရေမြေအပိုင်းအခြားဟာ လူမျိုး တမျိုး ထဲကပိုင်ဆုိင်တဲ့ တုိင်းပြည်မဟုတ်၊၊ ပြည်ထောင်စုဝင် လူမျိုး အသီး သီးက စုပေါင်းပိုင်ဆိုင်တဲ့ ပြည်ထောင်စုဖြစ်တယ်ဆိုတာ ကလေး ကအစ သိတယ်၊၊ အာဏာရ အဆက်ဆက်ကရော၊ တော်လှန်သူတွေဖက်ကရော လုိအပ်ရင် လိုအပ်သလို (တို့ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုများ) လို့ကျယ် ကျယ် လောင်လောင် နဲ့ အော်လေ့ရှိပါတယ်၊၊ ဖက်ဆစ်အာဏာ ရှင်တွေရော၊ ဒီမို ကရေစီ အင်အားစုတွေရော၊ ဗမာ စကား ပြောတဲ့ လူတိုင်းလိုလိုက လွယ် လွယ်နဲ့ ဗမာပြည်၊ ဗမာနိုင်ငံ၊ မြန်မာပြည်၊ မြန်မာနိုင်ငံလို့ ဖြစ်ကတတ်ဆန်း ပြောပြောနေကြတယ်၊၊

 
 

ပြည်ထောင်စု စိတ်ဓါတ်မွေးဖို့ဆိုရင် ပြည်ထောင်စုကို ရှင်းရှင်းလေး (ပြည် ထောင်စု) လို့ခေါ်ပါ၊၊ ဥပမာ၊၊ ၊၊ ၁၊၊ ကျနော်တို့ပြည်ထောင်စု လွတ်လတ်ရေး ရတာအနှစ် ၆၀ ကျော်ပြီ၊ လွတ်လတ်ရေး အရသာကို ပြည်ထောင်စုဝင် ဘယ် လူမျိုးမှ မခံစားရသေးဘူးနော်၊၊ ၂၊၊ ယမန်နေ့က ပြည်ထောင်စု နိုင်ငံသား မွန်လူမျိုးနှစ်ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းမှုပြုခဲ့ပါတယ်၊၊ အဲသလို ပြောရမှာ၊၊ အင်္ဂလိပ်လိုပြောတဲ့အခါမှာလဲ our Union ဒါမှမဟုတ် the Union of Burma လို့ ပြည်ထောင်စုနာမည် အပြည်အစုံကို ပြောဆိုဖေါ်ပြရပါတယ်၊၊ နောင် Burma ဆိုတဲ့ စကားလုံးက ပြည်ထောင်စု တခုလုံးကို ကိုယ်စား မပြုဘူးလို့ အများက ယူဆရင်လဲ ဥပဒေ ပြဌာန်း ပြောင်းလဲလို့ ရတာဘဲ၊၊ ကမ္ဘာ့ မီဒီယာတွေက ကိုယ့်ပြည်ထောင်စုအကြောင်း ဂဃနဏ မသိလို့ သူတို့ မခေါ်တတ်ရင် ကိုကလမ်းပြသင်ပေးရတယ်၊၊ ဒါမှ ပြောတဲ့သူကိုယ်တိုင်သော် လည်းကောင်း၊ နားထောင်ရသူအဖို့မှာသော် လည်းကောင်း ပြည်ထောင်စုကို ချစ်တဲ့စိတ်ဓါတ်၊၊ တန်ဖိုးထားတဲ့ စိတ်ဓါတ် တွေပေါ်လာမှာ၊၊ ဒါဟာ ငါတို့ရဲ့ ပြည်ထောင်စုဖြစ်တယ်၊ ဒီပြည်ထောင်စု ကောင်းစားအောင် ငါတို့လဲ လုပ်ဆောင် မယ်ဆိုတဲ့ စိတ်ဓါတ်တွေတိုး ပွားလာစေတယ်၊၊

မီဒီယာရဲ့အခန်းကဏ္ဍက ဒီမိုကရေစီထွန်းကားရေး၊ ဆက်လက်တည်မြဲ သွားရေး၊ အမှန်တရား ဖက်နဲ့ လူသားအကျိုးပြုရေးမှာ အသုံးချဖို့ဖြစ်လာ ပေမဲ့ တဖက်မှာ အဓမ္မဝါဒီတွေက မီဒီယာကို ပိတ်ပင်ပြီး မိမိတို့တဖက်သတ် ထုတ်လွှင့်တဲ့ လွဲမှားတဲ့လိမ်စဉ် တွေကိုဘဲ လူတွေကိုမှိုင်းတိုက်ဖို့ အစဉ်ကြိုး စားနေတယ်၊၊ ဒါကြောင့်အမှန်တရားပေါ်ထွန်းရေး၊ အဓမ္မဝါဒီ ပပျောက် ရေးမှာ မီဒီယာကဏ္ဍက အရေးကြီးသလို မီဒီယာသမားရဲ့ အရည်အသွေး၊ သိက္ခာ သမာဓိ ကိုယ်ကျင့် တရားနဲ့ စေတနာ ကောင်းဖို့က သိပ် အရေးကြီး ပါတယ်၊၊ သုံးနှုန်းတဲ့စကားလုံးတွေလဲ အဓိပ္ပါယ် တိကျ ရှင်းလင်းပြတ်သား ဖို့လိုပါတယ်၊၊ ယုံထင် ကြောင်ထင် စေတဲ့စကားလုံးတွေ တတ်နိုင်သမျှ ရှောင်ရှားရပါတယ်၊၊

ချုပ်ပြီးပြောရရင် မီဒီယာသမားတွေရဲ့အသံလွှင့်ချက်တွေ၊ ရေးသားဖေါ်ပြ ချက်တွေ၊ သုံးနှုန်းတဲ့ စကားလုံးတွေ၊ လုပ်ပုံကိုင်ပုံတွေဟာ မီဒီယာသမားရဲ့ လူမျိုးအခြေခံ၊ နိုင်ငံရေးခံယူချက်၊ ကြီးပြင်း လာတဲ့ ပတ်ဝန်းကျင် အသိုင်း အဝိုင်း၊ လေ့ကျင့် သင်ကြားခံခဲ့ရတဲ့ အလေ့အထ အတွေး အခေါ် အယူအဆ တွေကို ထင်ဟပ် ဖေါ်ပြနေလေ့ရှိပါတယ်၊၊

တခုတော့ရှိတယ် မိမိကိုယ်စားပြုတဲ့မီဒီယာဌာနရဲ့ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ် တွေ၊ အများပြည်သူ ရဲ့ယုံကြည်အားထားမှုတွေကို ထိန်းနိုင်ဖို့အတွက် မှန်ကန် တိကျတဲ့သတင်း အချက်အလက်တွေ ကို ပေးနိုင်စွမ်းရှိဖို့လိုပါတယ်၊၊ လူတိုင်း အမှားနဲ့မကင်းတတ်ကြပါဘူး၊၊ ဒါပေမဲ့ မီဒီယာသမား၊ သတင်း သမား တွေရဲ့ အမှားအတွက် အကျိုးသက်ရောက်မှုက ပိုမိုပြင်းထန်တတ်ပါတယ်၊၊ တခု သတိ ထားရမှာက အဲဒီအလားတူသတင်းတွေကို ပြည်ထောင်စုဝင် လူမျိုး အသီးသီး ကလဲ မိမိတို့ရဲ့ အမျိုးသားသတင်းမီဒီယာကနေ မိမိတို့ရဲ့ ကိုယ်ပိုင်ဘာသာ စကားအပြင် ဗမာဘာသာ နဲ့ရော ထုတ်လွှင့်နေကြတာမို့ မိမိသတင်းဌာနရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းငဲ့ကွက်တဲ့အနေနဲ့ သတင်းမှန်၊ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြနိုင်စေကြောင်း တင်ပြလိုက်ရပါသည်၊၊

ရိုးသားကြိုးစားမှုအပြည့်နဲ့ စုပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ပြည်ထောင်စု နိုင်ငံသူ နိုင်ငံသား အပေါင်း လွတ်လတ် ညီမျှ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု သစ်ဆီ အမြန်ဆိုက်ရောက်ရမှာပါ၊၊

မင်းတလပွန်

၂၈၊ ၀၂၊၂၀၀

Monday, June 23, 2008

Dhamma

Dhamma ဓမ္မ တည်းဟူသော တရား

ဓမ္မသည် သင်ယူရန်၊ လေ့ကျင့်ရန်နှင့် နက်နက်နဲနဲ ထိုးထွင်းသိမြင်ရန် ဖြစ်ပါသည်၊၊ ကိုယ်တိုင် သင်ယူ လေ့ကျင့်ပြီး ဖေါက်ထွင်း သိမြင်ရန် ဖြစ်သည်၊၊ ဓမ္မတွင် အပိုင်း ၃ ပိုင်းရှိပါသည်၊၊ ဘဝ နည်းလမ်း တို့ကို ညွှန်ပြသော 'သုတ္တန်'၊၊ ကိုယ်၊ နှုတ်စည်းကမ်း တို့ကိုညွှန်ပြသော 'ဝိနည်း'၊၊ စိတ်၊ စေတသိက်၊ ရုပ် တို့၏ သဘောတရားကို ညွှန်ပြသော 'အဘိဓမ္မာ' တို့ဖြစ်ကြသည်၊၊ ဓမ္မသည် ယုံ ကြည်ရန်၊ ကိုးကွယ်ရန်၊ ဆုတောင်းရန် မဟုတ်၊၊ လူ့ဘဝ၌ ရှင်သန်နေသ၍ အချိန်နှင့်အမျှ ကိုယ်တိုင် လေ့လာ လက်တွေ့ကျင့်သုံး ဆင်ခြင်ပွါးများသွားရန် ဖြစ်သည်၊၊


 

  1. Pariyatti ပရိယတ္တိ တည်းဟူသော သင်ယူနှလုံးသွင်းခြင်း

ဓမ္မမှ ကိုယ်တိုင် သင်ယူ ရမည့် အရာတို့မှာ လူဘဝ၌ ရှင်သန်နေသမျှ ကာလပတ်လုံး နေထိုင် ကျင့်ကြံ လုပ်ကိုင်သွားရန် 'နည်းလမ်း အသွယ်သွယ် တို့ကို ညွှန်ပြသော သုတ္တန်' 'ကိုယ်၊ နှုတ်စည်းကမ်း တို့ကိုညွှန်ပြသော ဝိနည်း' 'စိတ် စေတသိက် ရုပ် တို့၏ သဘော တရားကို ညွှန်ပြသော အဘိဓမ္မာ' တို့ဖြစ်ကြသည်၊၊ လူသားတယောက်အနေဖြင့် လူ့ဘဝ၌ နေထိုင်ရန် နည်းလမ်း၊ စည်းကမ်း၊ သဘောတရား တို့ကို သိရှိရန် အထူး လိုအပ်ပါသည်၊၊ သို့မဟုတ်ပါက ရှင်သန်လျက် လူဖြစ်ရှုံးနေရသကဲ့သို့ ဖြစ်နေပါသည်၊၊


 

  1. Patipatti ပဋိပတ္တိ တည်းဟူသော ကျင့်သုံးရန် ကျင့်စဉ်

ဓမ္မမှ ကိုယ်တိုင် ကျင့်သုံးရန် ကျင့်စဉ်တို့မှာ ကိုယ် စည်းကမ်း ၃ ရပ်၊ နှုတ်စည်းကမ်း ၆ ရပ် ပါဝင်သည့် ကိုယ်ကျင့်တရား တည်းဟူသော သီလ ကျင့်စဉ်၊၊ စိတ်ကို စည်းကမ်းသတ်ပေး သော၊ စိတ်ကို တသမတ်တည်း တည်နေရန် လေ့ကျင့်ပေးသည့် သမာဓိကျင့်စဉ်၊၊ မိမိကိုယ် ထဲ က ဖြစ်မှု ပျက်မှု အလုံးစုံကို စက္ကန့်နှင့်အမျှ အသေးစိတ် ပကတိအတိုင်း သိမြင်မှု ပညာ၊၊


 

-Siila သီလ တည်းဟူသော စောင့်ထိန်းမှု

ကိုယ်နှုတ်ကို ထိန်းရန် စည်းကမ်း တို့ကို သီလဟုဆိုပါသည်၊၊ ကိုယ်ကို ထိန်းရန် ကိုယ် စည်းကမ်း ၃ ပါးတို့မှာ၊ သူ့အသက်မသတ်၊ သူ့ဥစ္စာ မခိုး၊ သူ့အိမ်ယာ မဖေါက်ပြန်ခြင်း တို့ဖြစ် ၏၊၊

နှုတ်ကို ထိန်းရန် စည်းကမ်း ၆ ပါးတို့မှာ ရိုးသားသော စိတ်ဖြင့်ပြောခြင်း၊ အမှန် ကိုဆိုခြင်း၊ ယဉ်ကျေးချိုသာစွာပြောခြင်း၊ မိမိနှင့်တပါးသူ့ အကျိုးရှိသော စကားကိုဆိုခြင်း၊ အချင်းချင်း ညီ ညွတ်မှုရှိအောင် စကားဆိုခြင်း တို့ဖြစ်သည်၊၊

သို့မဟုတ် ကောက်ကျစ်၊ လိမ်လည်၊ ရုန့်ရင်း ကြမ်းတမ်း၊ အကျိုးမဲ့၊ ဂုံးချောပြောခြင်း တို့မှ ရှောင်ကျဉ်ခြင်းတို့ ဖြစ်ကြသည်၊၊ သီလစောင့်ထိန်းခြင်းဖြင့် မိမိကိုယ်ကို လူကောင်း ဖြစ်စေ နိုင်သည်၊၊ လောကီ ကြီးပွါးတိုးတက်မှုကို ဖြစ်ထွန်းစေသည်၊၊


 

-Samaadhi သမာဓိ တည်းဟူသော စိတ်တည်ငြိမ်မှု

စိတ်စည်းကမ်း၊ စိတ်ကို ထိန်းချုပ်သော နည်းလမ်း စည်းကမ်းဖြစ်သည်၊၊ စိတ်ကို တည်ငြိမ်မှု ရရန် တနေရာထဲတွင် စူးစိုက်ထား နိုင်ရန် လေ့ကျင့်မှု ကျင့်စဉ် နှင့် စည်းကမ်းများ ဖြစ်ပါသည်၊၊ မိမိ၏ စိတ်အေးငြိမ်း ချမ်းသာမှုကို ပေးနိုင်ပါသည်၊၊ သမာဓိဖြင့် လူရိုးလူဖြောင့် ဖြစ်စေနိုင်ပါ သည်၊၊


 

-Pannyaa ပညာ တည်းဟူသော မှန်ကန်စေ့စပ်သော သိမှု

ပ = အသေးစိတ်၊ ညာ = မှန်ကန်စွာ သိရှိနားလည်ခြင်း၊ ပညာဆိုသည်မှာ မိမိကိုယ်ထဲ၌ ရှိသောအရှိကို စက္ကန့်နှင့်အမျှ အသေးစိတ် သိမြင်မှုကို ဆိုလိုသည်၊၊ မိမိကိုယ်ထဲ၌ သင်ယူ ရမည်၊၊ လောကကြီးထဲ၌ သင်ယူရမည်၊၊ စိတ် စေတသိက် ရုပ်တို့၏ ဖြစ်ပျက်သမျှ အလုံးစုံကို အချိန်နှင့်အမျှ အသေးစိတ် ထိုးထွင်းသိမြင်ခြင်း တည်းဟူသော ပညာကို ရရှိနိုင်ရန် လေ့ကျင့် သွားရမည်၊၊


 

  1. Pativeda ပဋိဝေဒ

နက်နက်နဲနဲ ထိုးထွင်းသိမြင်နားလည်ခြင်း ဓမ္မ၊၊


 

လူ့ဘဝရည်ရွယ်ချက် ၃ ပါး၊

လူ့သားတိုင်း ဘဝအတွက် ဘုံရည်ရွယ်ချက်တခု ရှိသင့်ပါသည်၊၊ ရခဲလှသော တိုတောင်းလှသော လူ့ဘဝ၌ ဖြစ်တည်စဉ်ကာလ အောက်ပါ ဘဝရည်ရွယ်ချက် ကောင်းများကို ဦးထိပ်ထား သင့်ပါ သည်၊၊

    'လောကတ္ထစရိယ' လောကသတ္တဝါအားလုံးတို့၏ ကောင်းကျိုးစီးပွါး ဖြစ်ရန် အားထုတ် ခြင်း၊၊

    'ညာတိတ္ထစရိယ' မိမိရပ်ရွာ၊ ဆွေမျိုးမိတ်သင်္ဂဟ တို့၏ ကောင်းကျိုးစီးပွါး ဖြစ်ရန် အား ထုတ်ခြင်း၊၊

'အတ္တတ္ထစရိယ' ကိုယ်တိုင်၏ ကောင်းကျိုးစီးပွါး ဖြစ်အောင် အားထုတ်ခြင်း၊၊ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား၊ တတ်သိပညာ နှင့် ပြည့်စုံရန် အားထုတ်ခြင်း တို့ကို အခါမလပ် ကြိုးကုတ် လုပ်ကိုင်သင့်ပါသည်၊၊

'ဗုဒ္ဓစရိယ' ဘုရားဖြစ်ရန် အားထုတ်ခြင်း၊၊ (ဘုရားဖြစ်ရန် ဆုပန်သူများအတွက်)


 

အထက်ပါ လူ့ဘဝ ရည်ရွယ်ချက်ကောင်းများ ပြည့်စုံနိုင်စေရန် လူသားတိုင်း သီလ၊ မေတ္တာ၊ ဂရုဏာ၊ ဥပေက္ခာ တရားတို့ကို ဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊၊

-Siila သီလ

ကိုယ်နှုတ်အမူအရာ ထိန်းသိမ်းနိုင်သောသူ၊ ဖြူစင်သူ လူကောင်း၊၊

-Mettaa မေတ္တာ

ဒေါသကို ပယ်နှုတ်သော မေတ္တာ တရားကိုပိုင်ဆိုင်သူ၊၊ အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်း အဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ မေတ္တာရှင်၊၊

-Garunaa ဂရုဏာ

ဒုက္ခကို ပယ်နှုတ်သော ဂရုဏာတရားပိုင်ရှင်၊၊ တပါးသူ ဒုက္ခဆင်းရဲ ရောက်သောအခါ အရာရာ တိုင်း၊ လူတိုင်း အပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ၊ ကူညီဖြည့်ဆည်းတတ်သူ ဂရုဏာရှင်၊၊

-Muditaa မုဒိတာ

ဣဿာကို ပယ်သော မုဒိတာရှင်၊၊ ဘယ်သူ ဘယ်လောက်ဘဲ ချမ်းသာ၊ ကောင်းမွန် တိုးတက် ပါစေ၊ အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ဝမ်းသာကြည်နူး ဝမ်းမြောက်မှု ဖြစ်နိုင်သော စိတ် စေတနာရှိသူ မုဒိတာရှင်၊၊ မနာလိုမှုကင်းသူ သူတော်ကောင်း၊၊

-Upekkha ဥပေက္ခာ

မိမိအပေါ် မိစ္ဆရိယပွါးသူကို လူတိုင်းအပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှု ကင်းစွာ သည်းညည်းခံ၊ နားလည်ခွင့်လွှတ်နိုင်သူ ဥပေက္ခာရှင်၊၊ မိမိ၌ရှိသော၊ ဥစ္စာစည်းစိမ် ချမ်း သာ သုခ တို့ကို စွန့်လွှတ်နိုင်သူ၊၊ မိမိ၌ပေါ်လာသော နာကျင်မှု၊ သာယာမှုတို့ကို နားလည် စွန့်လွှတ် သည်းခံ နိုင်သူ၊၊ မိမိအတ္တအကျိုးကို အလေးဂရု မပြုသူ၊၊


 

ပညာသင်ယူလေ့လာရာတွင်

Education for heart

လူသားတယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် ဓမ္မ ကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊၊


 

Education for business

လူသားတယောက် အနေဖြင့် တာဝန်တရပ် ဖြစ်သည့် စားဝတ်နေရေး အတွက် သမ္မာ အာဇီဝ တည်းဟူသော မှန်ကန်သော အသက်မွေးမှု ပြုနိုင်ရန် ခေတ်မှီအတတ်ပညာရပ် တို့ကိုလည်း လေ့လာ သင်ယူ ဖြည့်ဆည်းသင့်ပါသည်၊၊


 

((အထက်ပါ ဓမ္မ အချက်အလက်များကို တောင်ကြီးတက္ကသိုလ် ကျိုင်းတုံ ခန်းမ၌ ကျင်းပသော ဓမ္မသဘင်တွင် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ဟောကြားခဲ့သော 'ဘဝရည် ရွယ်ချက်' တရားတော်ကို နားလည်ခံယူပြီး ပြန်လည်ရေးသားထားပါသည်၊၊))


 

မင်းတလပွန်

၂၃၊ ၀၆၊ ၀၈

Saturday, June 14, 2008

Nargis

နာဂစ်

    နာဂစ် ဆိုတာ အူရဒူ စကားလုံးအရ လှပတဲ့ ပန်းကလေးတမျိုးရဲ့နာမည်မို့ မိဘတွေက မိမိတို့ရဲ့သမီးလေးတွေကို ပေးတတ်တဲ့ နာမည်လေးပါ၊၊ ကျုပ်တို့ဆီက မနှင်းဆီ၊ မစံပယ်၊ စတဲ့ မိန်းကလေးတွေရဲ့နာမည်နဲ့ဆင်ဆင်တူမယ်ထင်ပါတယ်၊၊

    လွန်ခဲ့တဲ့မေလက အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းကို မိုးလေဝသ ပညာရှင်တွေက နာဂစ်လို့ နာမည်ပေးခဲ့ကြပါတယ်၊၊ မုန်တိုင်း အစပျိုးချိန်မှာ ထိုင်းနိုင်ငံက ရုပ်မြင်သံကြား သတင်း တွေမှာ တွေ့နေခဲ့ရပါတယ်၊၊ အစပိုင်းသတင်းတွေအရ မုန်တိုင်းက မွန်ပြည် ကရင်ပြည်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်း ချင်းရိုင် ခရိုင်တွေကို ဖြတ်သန်းသွားမယ်လို့ကျေညာထားပါတယ်၊၊

    ဒါပေမဲ့ တကယ် ကုန်းတွင်းကိုတန်းဝင်သွားတာက ကျုပ်တို့ရဲ့ပြည်ထောင်စုထဲက ဧရာ ဝတီမြစ်ဝကျွန်းပေါ်ဒေသဆီကို၊၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ၊ ဖျာပုံ၊ ရန်ကုန်၊ ပဲခူး နဲ့ မွန်ပြည် သံဖြူဇရပ် ဖက်တွေ ကိုပါ၊၊

    နောက်ဆက်တွဲသတင်းတွေအရ တနာရီ မိုင် ၁၂၀ ထိပြင်းအားရှိတဲ့ မဟာ မုန်တိုင်းကြီး၊၊ ပင်လယ်ဝမှာ တောတောင် အကာအကွယ်မဲ့နေတဲ့ မြေနိမ့်ချိုင့်ဝှမ်းကို ဒီလောက်ပြင်းအား ထန်တဲ့ မုန်တိုင်းကြီးနဲ့ တပါးထဲပါလာမဲ့ ပင်လယ်လှိုင်းလုံးကြီးတွေနဲ့ဆို လမ်းကြောင်းတလျှောက် ဖွတ်ဖွတ် ညက်ညက်ကို ကြေသွားမှာပေါ့၊၊ စိုးရိမ်ခဲ့တဲ့အတိုင်းပါဘဲ ပဌမဆုံးရန်ကုန်မြို့ရဲ့လမ်းမကြီး တွေပေါ် က အမြစ်ပါထောင်ပြီး အတုံးအရုံးလဲပြိုနေတဲ့ သစ်ပင်ကြီးတွေ၊ ကျိုးပြတ်နေတဲ့ ဓါတ်မီးတိုင်တွေ၊ အမိုးလန်တဲ့အိမ်၊ ပြိုလဲနေတဲ့အိမ်တွေရဲ့ဓါတ်ပုံနဲ့သတင်း၊၊ ထိတ်လန့်တုန်လှုပ်သွားမိတယ်၊၊

    နောက်ပိုင်း သတင်းတွေက ရန်ကုန်နယ်နိမိတ်အပြင်ကို ထွက်လာတယ်၊၊ ဘိုကလေး ဖျာပုံ လပွတ္တာ၊၊ အခြေအနေမြင်ကွင်းတွေက အဆိုးတကာ့အဆိုးဆုံးတွေ၊၊ တရွာလုံးပြောင်တလင်းခါတဲ့ နေရာတွေ၊၊ တံမျက်စည်းနဲ့ လှဲချတိုက်ချသွားသလို ပြောင်သလင်းကိုခါလို့၊၊ အမိုးကွာ၊ ပြိုလဲပျက်စီး တဲ့အိမ်တွေ၊၊ ပြိုလဲသွားတဲ့ အိမ်အုတ်နံရံ၊ ခြံအုတ်တံတိုင်းတွေကို တွေ့ပြီး လူတွေဆို ဒီမုန်တိုင်း ကြီးကို ဘယ်လိုရင်ဆိုင်ရပါ့မလဲလို့ တွေးမိတယ်၊၊ ပြိုလဲ ထက်ပိုင်းကျိုးနေတဲ့ သစ်ပင် အုန်းပင်ကြီး တွေ၊၊ အရွက်ဆိုလို့ တရွက်ဆို တရွက်မှ မရှိတော့တဲ့ အရိုးပြိုင်းပြိုင်းနဲ့ ငေါင်စူစူ သစ်ပင်ကြီးတွေ၊၊ မြေပြင်ဆိုလဲ ရေလွှမ်းတဲ့နေရာလွှမ်း၊ မွဲခြောက်ပေရေနေတဲ့ မြက်ပင်ကိုင်းပင်တွေ၊၊ ဟော လူသေ အလောင်းတွေ၊၊ ဟိုမှာ ဒီမှာ၊၊ လယ်ကွင်းမှာ၊၊ မြစ်ရိုးချောင်းရိုး တလျှောက်မှာ တချို့က ပက်လက် ကားယား၊ တချို့ကား မှောက်ခုံ အရွယ်စုံ လူစုံ အစုန်အဆန် မျောပါနေကြတယ်၊၊ ကမ်းနဘေးမှာ ပိုးလိုးပက်လက်၊၊ သစ်ပင်မှာ ချိတ်သေနေတဲ့ ဟာနဲ့၊၊ အိမ်ပြိုထဲညပ်သေနေတာနဲ့၊၊ သက်သာလို သက်သာညား အိမ်အုတ်နံရံမှာ စုပြီး ခိုနေကြတော့လဲ တိုက်နံရံပြိုလို့ အစုလိုက် ညှပ်ပိသွား၊ ညှပ်ပိ လို့ ရှင်ကျန်တာကို လှိုင်းလုံးတွေက ရေထဲနှစ် ပြီးမသေမချင်းသတ်သွားကြသလိုပါဘဲ၊၊ အချို့က အချင်းချင်းဖက်လျှက်၊၊ အချို့က လက်ချင်းတွဲလျှက်၊၊ မြင်ကွင်းတွေက ချောက်ချားစရာ၊၊ သုဿာန် တစပြင်အလား၊၊ မကောင်းဆိုးရွားတွေ ကြီးစိုးတဲ့နေရာကိုရောက်သွားသလိုလို၊၊ အနိဋ္ဌာရုံတွေ နေရာတိုင်းမှာ ပြည့်နှက်လို့နေပြီ၊၊

    စာရင်းချုပ်လိုက်တော့ အသေအပျောက်က သိန်းဂဏန်းအထက် တဝက်ထက်ချိုးခါးနီး၊ တသိန်းခွဲနီးပါးပေါ့၊၊ ကျန်တဲ့သူတွေက မိဘဘိုးဘွားသေ၊ သားသမီးမြေးမြစ်သေ၊ ဆွေမျိုး မောင် နှမသေ၊ သေကွဲတွေနဲ့၊၊ မိဘမဲ့တွေ၊ သားသမီးမဲ့တွေ၊၊ နေစရာမရှိ၊ စားစရာမရှိ၊ သောက်စရာ ရေသန့်နတ္ထိ၊ အဝတ်လဲစရာမရှိ၊၊

    ဒီလို ကမ္ဘာပျက်မလောက် သဘာဝဘေးဒဏ် ခံစားရတဲ့အချိန်မှာ တာဝန်သိ၊ တာဝန်ယူ တတ်တဲ့ ပြည်သူ့အစိုးရတွေဆိုရင် နိုင်ငံရဲ့ အရေးပေါ် အခြေအနေအဖြစ်ကျေညာ၊၊ တာဝန်ရှိသူ တွေက ဘေးဒဏ်ခံ ဒေသကို ကိုယ်တိုင်သွားရောက်ပြီး ကျန်ရစ်သူကို အားပေး၊၊ လိုအပ်တဲ့ စားဝတ် နေ ကိစ္စတွေကို တတ်နိုင်သလောက် အမြန်ဆုံး ကူညီ၊၊ လိုအပ်တဲ့နေရာတိုင်း ကယ်ဆယ်ရေး အဖွဲ့ချက်ချင်းဖွဲ့၊၊ အသေအပျောက်စာရင်း၊ ကျန်ရစ်သူစာရင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းတွေ၊ သတင်း အချက် အလက်အမှန်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့နိုင်ငံပိုင် သတင်းမီဒီယာတွေကတဆင့် ပြည်သူ တွေကို အသိပေးရမှာပါ၊၊ မိမိအစိုးရရဲ့ အင်အားနဲ့ မကူနိုင်ရင် ပြင်ပ အကူအညီ လက်ခံ ပြီးလက်တွဲ လုပ်ဆောင်ဖို့လိုပါတယ်၊၊ ဒါဟာ လူသားဆန်တဲ့ လုပ်ရပ်တွေပါ၊၊

    လတ်တလော လိုအပ်ချက်တွေ ဖြည့်ဆီးပြီးရင် ပြန်လည်ထူထောင်ရေးအတွက် စီမံချက် ချလုပ်ဆောင် ဖို့လိုလာပါတယ်၊၊ ကလေး၊ လူကြီး အားလုံးတို့ရဲ့ စိတ်အား၊ ကိုယ်အား ပြည်လည် ထူထောင်မှုတွေ လုပ်ဆောင်ရပါတယ်၊၊ ဒီလိုလုပ်လုပ်ဆောင်မှသာ နိုင်ငံနဲ့ လူမျိုးကို တကယ်ချစ်တဲ့ လူသားတွေဖြစ်မှာ၊၊

    တကယ်တမ်း အပြင်မှာ ဖြစ်နေတာက တိုက်ရိုက်ကိုပြောင်းပြန်ကျနေတယ်၊၊ မုန်တိုင်း ဖျက်ဆီးခဲ့တာကို ဘာမှမဖြစ်စလောက်လေး ဖြစ်သယောင်နဲ့၊၊ ဘယ် နိုင်ငံတော် အကြီးအကဲ ဆိုသူ တွေကမှ ရောက်လာတယ်ကိုမကြားရဘူး၊၊ ရောက်လာတဲ့ ပါချီပါချဲ့လေးကလဲ ဘာမှ မဖြစ် စလောက်လေးပါ၊၊ ဘာမှကိုသုံးလို့မရဘူး၊၊ လူသိန်းချီသေတာကို ဘာမှဂရုစိုက်စရာမလို သလိုနဲ့၊၊ အသေအပျောက်ကိုလဲ ရာဂဏန်းလောက်ဘဲထုတ်ပြန်ပြီး လိမ်လို့မရတော့မှ ဖြစ်ရပ်မှန်ထက် ၁၅ ဆ လောက်လျှော့ပြီး ထုတ်ပြန်ခဲ့ရတယ်၊၊ အစိုးရက ဘာမှ မလုပ်ရသေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို လုပ်ဆောင်လို့ပြီးသွားပါပြီး၊၊ အခု ပြန်လည်ထူထောင်ရေး စလုပ်နေပြီတဲ့၊၊ ဒုက္ခရောက်တဲ့သူတွေ အတွက် နိုင်ငံခြားက စေတနာနဲ့ ပေးပို့လှူဒါန်းတာတွေကို ဖြတ်စားလျှပ်စား လုပ်လိုက်သေး၊၊ ရှက်ဖို့ ကောင်းလိုက်တာ၊၊ သူတို့ကိုမယုံလို့ ဒုက္ခရောက်သူတွေလက်ထဲအရောက် ကိုယ်တိုင်သွား ရောက် အကူအညီပေးမယ်ဆိုပြန်တော့လဲ 'အချုပ်အခြာအာဏာ ဝင်မစွက်နဲ့၊၊ ငါ့တိုင်းပြည် ငါ ကြိုက်သလို လုပ်မယ်၊၊ ပေးချင်ရင်ငါ့လက်ထဲကိုပေး၊၊ ဒါဘဲ၊၊'

    ပြင်ပ စေတနာရှင်တွေကူပြန်တော့လဲ 'ကူလို့ရတယ်၊ ဒါပေမဲ့ ကားပေါ်ကနေ ပစ်ပြီးဝေရ မတဲ့'၊၊ "ဒုက္ခ ရောက်သူတွေကို အင်တာ မဗျူးရ၊ ဓါတ်ပုံမရိုက်ရ၊ ဘာမပြောရ၊ ညာမပြောရ၊၊ သေသူတွေ၊ အပျက် အစီးနေရာတွေ ဓါတ်ပုံမရိုက်ရ၊ ဗွီဒီယိုမရိုက်ရ၊၊ ဗလော့ဂါဆီမပို့ရ၊၊ အဲဒါ ငါတို့ နိုင်ငံတော်ရဲ့ အလုပ်တွေ၊၊ ငါတို့ထုတ်ပြန်တဲ့သတင်းတွေဘဲ နားထောင်ပြီးယုံကြ၊၊ ပြည်ပသတင်း ဌာနတွေကို နားမထောင်ကြနဲ့၊၊ ဘေးပြောတာမယုံနဲ့ ခွေး အဲလေ ယောင်လို့ သွေးပြောတာကိုယုံ၊၊ ငါတို့က ဗမာအစစ်တွေ၊၊ ဗမာပြည်မှာမွေး၊ ဗမာပြည်မှာကြီး၊ ဗမာလိုဘဲတွေး ဗမာလိုဘဲပြော ဗမာလိုဘဲလုပ်၊ ဗမာ့နည်း ဗမာ့ဟန်နဲ့ ဗမာပြည်မှာ ဗမာလိုသေမယ်၊၊ ဗမာပြည်သေအောင်ကို ငါတို့ချစ်တယ်၊၊ ငါတို့ပြောတာ ယုံကြ၊၊ ဒုက္ခရောက်ရင် ဒုက္ခရောက်တယ် မပြောနဲ့ နိုင်ငံတော်သိက္ခာ ကျတယ်၊၊ ငါတို့လည်း မင်းတို့ကို မကယ်နိုင်ဘူး၊ သိက္ခာကျခံပြီးလည်း ပြည်ပက မင်းတို့ အတွက် ကူညီမဲ့သူဆီက လက်မခံနိုင်ဘူး၊၊ သူတို့ကိုလည်း ကျေးဇူးရှင်လို့ မမှတ်ကြနဲ့၊၊ မင်းတို့ ဘာသာ မင်းတို့ ငါးဖါးတွေ ရှာစားကြ၊၊ ကွင်းထဲက လယ်ကန်စွန်း မှိုနတို တွေနှုတ်စားကြ၊၊ ကိုယ့်အား ကိုယ်ကိုးကြ၊၊" ((လိုအပ်ရင် ငါးမင်းဆွေဆီက ငါး၊ ပုဇွန်တွေအကြွေး ဝယ်ထား၊၊စကားချပ်))

    "ငါတို့မှာ မင်းတို့အသက်ထက် အရေးကြီးတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး အဲလေ နိုင်ငံတော် ဖွဲစည်းပုံကြီး အတည်ပြုရအုံးမယ်၊၊ အဲဒီကို မသေလို့ ကျန်ရစ်နေတဲ့မင်းတို့ သွားပြီး၊ ဟန်ပြမဲ၊ လိမ် ထည့်ရအုံးမှာ၊၊ အဖြေမှန်က ငါတို့မှာ ရှိပြီးသား၊၊ မင်းတို့က ၉၈ ဒဿမ ၉၉ ထောက်ခံတယ်လို့၊၊ အဲဒီအဖြေကြီးထုတ်ပြန်ပြီးရင် အင်တာနေရှင်နယ် ကွန်မြူနီတီ လို့ခေါ်တဲ့ နိုင်ငံတကာအသိုင်း အဝိုင်းထဲ ငါတို့တရားဝင် ဝင်လို့ရမှာ၊၊ ဘယ်သူယုံယုံ မယုံယုံ အနည်းဆုံးတော့ ဝန်ကြီးချုပ် သက်တမ်းအသက်ငင်နေတဲ့ ထိုင်းနိုင်ငံရဲ့အသစ်စက်စက် ဝန်ကြီးချုပ်လေး စမတ် ကတော့ယုံ လောက်ပါတယ်၊၊ သူက ငါတို့လိုနိုင်ငံတော်အကြီးအကဲတအုပ်ကို သူ့လိုဘဲ ဗုဒ္ဓ ဘာသာဝင် ဖြစ်တဲ့ အပြင် ဘာသာရေးအလွန်တရာကိုင်းရှိုင်းတယ်လို့ ချီးမွမ်းထားတာ၊၊ ဒီတော့ ဆန္ဒခံယူပွဲကိစ္စက မင်းတို့ တတိုင်းပြည်လုံးရဲ့အသက်ထက်ကို ပိုအရေးကြီးတယ်၊၊ ငါတို့က ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားပမ်းစား ရေးစားခဲ့ အဲ.. ရေးသားခဲ့ရတာ၊၊" ကောင်းလိုက်တဲ့ လမ်းညွှန်ချက်၊၊ လူတွေ ကို လူမထင်တဲ့ လူ့တိရစ္ဆာန်တွေပါလား၊၊ သူ့တို့တွေ အာဏာတည်မြဲရေးအတွက်ကို နောက်ဆုံး ပြည်သူတွေအတုံးအရုံးသေရတာတောင် လက်ပိုက်ကြည့်နေလို့ကောင်းတုန်း၊၊

    ချုပ်ပြောရရင် ဗမာ့ပြည်၊ ဗမာ့လူမျိုး၊ ဗမာ့စာပေ၊ ဗမာ့ယဉ်ကျေးမှု၊ ဗမာ့ရိုးရာ၊ ဗမာ့ အစားအစာ၊ ဗမာ့အဝတ်အစား၊ ဗမာ့စကား၊ ဗမာ့လက်မှုအနုပညာ၊ ဗမာ့ဇာတ် သဘင်၊ ဗမာ့အငြိမ့်၊ ဗမာ့သီချင်း၊ ဗမာ့ဆိုင်းဝိုင်း၊ ဗမာ့စောင်း၊ ဗမာ့လက်ဝှေ့၊ ဗမာ့အားကစား၊ ဗမာ့ကွမ်း၊ မဟာဗမာ၊ ဗမာဆိုရင် အကုန်ကောင်း၊ အကောင်းဆုံး၊ ဗမာပါရင် ဗမာ့ချီးတောင် အနံ့အရသာနဲ့ပြည်စုံတယ် လို့ပြောပြီး ဗမာတွေကို အသက် စွန့်ပြီး အချစ်ဆုံး ချစ်နေတယ်လို့ ကုန်းအော်နေတဲ့ ဗမာ့ကယ်တင် ရှင် နိုင်ငံတော်အကြီး အကဲတွေရဲ့ အတ္တကြီးမှု၊ အဝိဇ္ဇာဖုံးပြီး တဏှာရာဂ ရမက်ကြီးတဲ့ လူ့ဘီလူး ကြီးတွေဖြစ်တယ် ဆိုတဲ့ ဖြစ်ရပ်မှန်ကို နာဂစ်မုန်တိုင်းက ကွင်းကွင်း ကွက်ကွက် ဖွင့်လှစ်ပြသ နိုင်ခဲ့ပါပြီ၊၊ ဗမာတွေအကြီးအကျယ် ဒုက္ခရောက်နေတာတောင်လှည့်ကြည့်ဖေါ်မရကြ ပါဘူး၊၊

ဒီလူ့ဘီးလူးကြီးတွေကို တောထုတ်ဖို့အချိန် တန်ပြီ၊ သူတို့ရဲ့ မဟာလူမျိုးကြီးဝါဒ (သို့ မဟုတ်) ကျဉ်းမြောင်းတဲ့လူမျိုးရေးဝါဒ အခြေခံ ဖက်ဆစ်ဝါဒကြီးကိုလည်းနာဂစ် မုန်တိုင်းကြီးနဲ့ အတူ မြေမြှုပ်သင်္ဂြိုဟ်ပစ်ဖို့ကို အချိန်တန်ပြီ၊ ဖြစ်ကြောင်းပါ သူတော်စင် ရဟန်းရှင်လူ ပြည်ထောင် စုသား အပေါင်းတို့၊၊


 

မင်းတလပွန်

၁၂၊၀၆၊၀၈