Sunday, August 31, 2008

Media

သတင်းမီဒီယာ

ကျုပ်တို့မွေးတဲ့ခေတ်က မဆလ ခေတ်ကောင်းချိန်ဆိုတော့ သတင်းမီဒီယာ အားလုံးကို အာဏာရှင်တွေက ထိန်းချုပ်ထားတဲ့ခေတ်မို့ ပြည်ပအသံလွှင့် ဌာနတွေဖြစ်ကြတဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ စတဲ့အသံလွှင့်ဌာနရဲ့ အသံလွှင့် ချက်တွေ ပြည်တွင်းက လူတွေ အားကိုးရတာ မဆန်းပါဘူး၊၊ အိမ်မှာ ၂ လိုင်းရေဒီယို လေးတလုံးရှိတော့ မဆလက လွှင့်တဲ့ ဗမာအသံအပြင် ပြည်ပ အသံလွှင့် ဌာန တွေက လွှင့်တဲ့ ဗမာသံမျိုးစုံလဲ ကြားရပါတယ်၊၊ အိမ်မှာ အဖေက ဘီဘီစီ၊ ဗွီအိုအေ နေ့စဉ်နားထောင်ပြီး တခါတရံ ပီကင်း အသံလွှင့် ချက်တွေကိုလဲ နားထောင်တတ်လို့ စာရေးသူနဲ့ ပြည်ပအသံလွှင့်ဌာနဆိုတာ ငယ်စဉ် တောင် ကျေး ကလေးဘဝကတည်းက ရင်းနှီး ပြီးသား၊၊

အထူးသဖြင့်ဘီဘီစီကို အစွဲမက်ဆုံးပါ၊၊ ကဏ္ဍစုံတင်ဆက်လို့ပါ၊၊ အဲဒီတုန်းက မဆလ ကလွှင့် တာရော၊ ဘီဘီစီလွှင့်တဲ့ဟာတွေရော ကျုပ်အတွက် အကုန် လုံး အထူးအဆန်း တွေပေါ့၊၊ အစစ စူးစမ်းချင်၊ သိချင်တဲ့အရွယ်ကိုး၊၊ ပြီးတော့ ဘယ်ဒင်းက မှန်တယ် ဘယ်ဟာက မှားတယ်ဆိုတာ ခွဲခြား သိနိုင်စွမ်း မရှိသေး လို့ပါ၊၊ စာဖတ်တာတော့ တေဇ၊ ရွှေသွေး၊ ပညာ တန်ဆောင် ကာတွန်း၊ မဂ္ဂဇင်း မျိုးစုံဖတ်ပါတယ်၊၊

အရွယ်ရောက်ချိန်မှာတော့ မဆလရေဒီယိုက သတင်းဖြစ်ရပ်မှန် တွေထက် အစိုးရ ဖေါ်လံဖါး လုပ်ဖို့သာဖြစ်တဲ့အတွက် သီချင်းကလွဲပြီး အချိန်ဖြုန်းပြီး နားထောင်ချင်စိတ် နည်းလာပါတယ်၊၊ အဲဒီအသံလွှင့်ဌာနကို အယုံအကြည် နည်းလာပြီး စိတ်ကုန်လာတယ်၊ မဆလ သတင်းစာဖတ် ပေမဲ့ တခါလာလဲ မဲပြာပုဆိုးမို့ နိုင်ငံခြားသတင်းနဲ့ ကြော်ငြာလောက်ဘဲ ဖတ်ဖြစ်လာပါတော့ တယ်၊၊ ဒါကိုလဲဖတ်ရတာ စိတ်ကုန်တယ်၊၊

ဒါနဲ့ ဘီဘီစီ၊ ဗွီအိုအေ ဗမာပိုင်းဖက် အချိန်ပြည့်လှည့်လာပါတော့တယ်၊၊ အထူး သဖြင့် ဘီဘီစီ လွှင့်ချိန်မှာ သိချင်တာတွေ၊ ကြားချင်တာတွေ သိရကြား ရတော့ စိတ်ချမ်းသာလို့၊၊ လောကတခွင် လုံး နေသာလို့ သာယာ လှပ နေသလို ခံစား ရတယ်၊၊ အသံလွှင့်ချိန် ကုန်ခါနီးလို့ အပိတ်ဆိုင်းသံ ကြားရတဲ့အခါ တလော ကလုံးနေဝင်လို့ မှောင်အတိဖုံးသလို ခံစား လာရတယ်၊၊ အဲဒီထိ ကိုစွဲတာ၊၊ ၈၈ တုန်းက ဘီဘီစီက အသံလွှင့်ချက် ကို နားထောင်ပြီး လုပ်သင့် တာတွေ လုပ်နိုင်ခဲ့ကြတယ်၊၊

၈၈ နောက်ပိုင်း ဒီဗွီဘီ အာအက်ဖ်အေ တို့မှာလဲ ဗမာဘာသာ အသံလွှင့်အစီ အစဉ်တွေ ရှိလာ တော့ ပိုလို့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာပါတယ်၊၊ ဓမ္မဝါဒီ ဖက်က အင်အား တိုးလာတယ် ပေါ့၊၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ ဝင်ဖက်က၊ ပြည်ထောင်စုဝင် လူမျိုးအသီးသီးဖက်က၊ လွတ်လတ်စွာ ရပ်တည်တဲ့ သတင်း သမား တွေဖက်က၊ အင်တာနက် စာမျက်နှာတွေ အလျှို လျှို ပေါ်လာကြတယ်၊၊

အဲဒီအချိန်မှာ ကျုပ်လည်းနိုင်ငံရေး ပေါက်စနလေးဆိုတော့ တိုင်း၊ ပြည်၊ ပြည်နယ်၊ တိုင်းပြည်၊ နိုင်ငံ၊ နယ်၊ ပြည်ထောင်၊ ပြည်ထောင်စု၊ လူမျိုး၊ လူမျိုးစု၊ တိုင်းရင်းသား၊ ဖက်ဒရယ်မူ၊ ပင်လုံစာချုပ်၊ အမျိုးသားရေး တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမို ကရေစီရေး၊ လူ့အခွင့် အရေး၊ ဗမာ/မြန်မာ ပြဿနာ၊ စတဲ့စတဲ့ ကျုပ်တို့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ စကားလုံးများရဲ့ အဓိပ္ပါယ်တွေ တီးမိခေါက် မိလာတယ်၊၊ ပြီးတော့ သတင်းမီဒီယာ တွေမှာသုံးနေကျ စကားလုံးများရဲ့ အဓိပ္ပါယ် တွေကို ခွဲခြမ်း စိတ်ဖြာတတ်လာတယ်၊၊ တိုင်းပြည် တပြည်၊ လူမျိုးတမျိုး တိုးတက် ကြီးပွား ရေးမှာ မီဒီယာက အခရာကျမှန်း၊ မီဒီယာမှာ သုံးစွဲတဲ့ စကား လုံး တွေကလည်း လူသားတွေအကြား ဆက်ဆံရေး၊ လူမျိုးတမျိုးနဲ့ တမျိုးကြား ဆက်ဆံ ရေးမှာ အရေးကြီးမှန်း သိလာခဲ့တယ်၊၊ မဟာလူမျိုး ကြီးဝါဒီ ဖက်ဆစ် စစ်အာရှင် တွေသုံးတဲ့ စကားလုံး၊ ဒီမိုကရေစီတိုက်ပွဲဝင် သူတွေသုံးတဲ့စကားလုံး၊ အဖိနှိပ်ခံ လူမျိုးတွေ သုံးနှုန်းတဲ့ စကားလုံး၊ ဝါဒစွဲဂိုဏ်း ဂဏစွဲဝါဒီတွေ အခွင့်အရေး သမား ဖေါ်လံဖါးတွေသုံးတဲ့ စကား လုံးတွေ မတူကြပါဘူး၊၊ သူတို့ရဲ့ တိုက်ပွဲဝင် ရတဲ့ ပုံသဏ္ဍာန်၊ ခံယူချက်၊ လူမျိုး ရေး ခံယူချက် နဲ့ကိုယ်ကျိုး တွေက မတူကြပါဘူး၊၊

အာဏာရှင် မဆလဒဏ်နဲ့ ဖက်ဆစ်စစ်အုပ်စုဒဏ်က ထွက်ပြေးလာတဲ့ တော်လှန် ရေးသမား ဆိုသူတွေက ငါတို့ကလွတ်လတ်တဲ့ သတင်းဌာနကွ၊ ဘယ် နိုင်ငံရေး အဖွဲ့အစည်းရဲ့ ဩဇာခံ မဟုတ်၊၊ သတင်း အချက်အလက် တွေကို တိတိကျကျ မှန်မှန်ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် လူတွေ လက်ထဲ အရောက် ပို့ဆောင်ပေးမယ်ပေါ့၊၊ ဘက်မလိုက်ဘူးတဲ့၊၊ တချို့တော့ ရေဒီယို သတင်းဌာန တွေ မှာဝင်ရောက်အမှုထမ်းလာကြတယ်၊၊ ဒီလူတွေ တော်တော် များများက လွတ်လတ်ရေးခေတ် နောက်ပိုင်း မွေးဖွားလာကြသူတွေ၊ မဆလ ခေတ်မှာ မွေးဖွားလာသူများပါတယ်၊၊

ဗမာပိုင်းရေဒီယိုအသံလွှင့်အစီအစဉ်တွေမှာ၊ အင်တာနက် သတင်း စာမျက်နှာ တွေမှာ၊ သတင်း စာတွေမှာ၊ မွန်လူမျိုးကို မြန်မာလူမျိုးလို့ မကြာ ခဏ ပုံမှားရိုက် ထုတ်လွှင့်နေတာကြကို ရိုးနေပြီမို့ အထူးမပြောလို သော်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက မွန်လူမျုိးတို့ရဲ့ ထူးမြတ် တဲ့ မွန်အမျိုးသား နေ့ကို အနှစ်သာရမရှိတဲ့ မွန်ပြည်နယ်နေ့အဖြစ် အကြိမ်ကြိမ် မှားယွင်း ထုတ်လွှင့် တာတော့ သတင်းဖတ်သူတွေက နမော်နမဲ့ နိုင်တာလား၊ ဂရုမစိုက် တာလား၊ ဒါမှမဟုတ် ဖက်ဆစ် စစ်အာဏာရှင် သတင်းဌာနတွေလို ပါရာဖတ် တွေလား၊ တခုခုတော့ တခုခုဘဲ၊၊ မွန်ဘာသာ စကားမှာ ဗမာနဲ့ မြန်မာ အတူတူ ဘဲလို့ သတ်မှတ်ထားပါတယ်၊၊

အင်္ဂလိပ်ထံက လွတ်လတ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ မွန်ပြည် နယ် နဲ့ ရခိုင်ပြည်နယ် ပေးကြဖို့ အနုနည်းနဲ့တောင်းဆိုခဲ့ကြပေမဲ့ လွတ်လတ် ရေးရခါစ မဟာလူမျုိးကြီးဝါဒီတွေ၊ မျက်ကန်းမျိုးချစ်တွေက ဇာတိသွေး ဇာတိ မာန် အရမ်းတက်ကြွပြီး သွေးနထင်ရောက် ဘဝင် လေဟပ်၊ ငါတို့တော့ အင်္ဂလိပ်လက်အောက်ကလွတ်ပြီ၊ ပြည်ထောင်စုထဲမှာရှိတဲ့ အခြားလူမျိုး တွေက ငါတို့လက်အောက်ခံ၊ ငါတို့ကျွန်ပေါ့၊၊ ဗိုလ်ချုပ်နဲ့ သဘောတူ ခဲ့ကြတဲ့ တန်းတူညီမျှတဲ့ ကိုယ်ပိုယ် အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ် ပြည်ထောင်စု အသွင်ပူးပေါင်း လွတ်လတ်ရေး ယူကြဖို့၊ ၁၀ နှစ်ပေါင်းလို့မှ သဘောမကျလျှင် ပြည်ထောင်စု ကနေခွဲထွက်ဖို့ စတဲ့ သဘော တူညီချက်တွေကို ချောင်ထိုးပြီး မိမိအာဏာရရှိရေး၊ တကိုယ်တော် ကောင်းစားရေးဘဲ ရှေ့တန်း တင်ခဲ့ကြတယ်၊၊ အဲဒီလိုအနုနည်းနဲ့ ကိုယ်ပိုယ် အုပ်ချုပ်ခွင့်ရ မွန်ပြည်ကိုတောင်း ဆိုတာကို လိုက်လျောရမည့် အစား ကောက်ကျစ် တဲ့ကလိမ်ဉာဏ်နဲ့ မွန်ပြည် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း လူအုပ်ကြီးနဲ့ တန်းစီဆန္ဒပြခိုင်းခဲ့ကြတယ်၊၊ ဦးဆောင်သူ မွန်အမျိုးသား ခေါင်းဆောင် တွေကိုလည်း ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခဲ့ကြတယ်၊၊ ဒါကြောင့် မွန်အပါအဝင် လူမျိုးအသီးသီးကလည်း မလွှဲမရှောင် သာ လက်နက်ကိုင်တော်လှန်ခဲ့ကြရပြီး တော်လှန်ရေး စစ်မီးကြီး လောင်ကျွမ်း၊ ဦးနေဝင်း အာဏာ လု၊ စစ်အာဏာရှင်ဖက်ဆစ်စနစ်ဆိုး အခြေခိုင် သွား ပါတော့တယ်၊၊ ဦးနေဝင်းက တော်လှန်သူ မျိုးချစ်များကို သောင်းကျန်းသူ အဖျက်သမားဘွဲ့ ပေးအပ်ခဲ့ပါတယ်၊၊ (ကရင်ပြည်နယ်ကတော့ ပါလီမန် ခေတ်မှာ အတည်ပြုပေးခဲ့တယ်လို့ ယူဆရပါတယ်၊၊)

မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကတော့ ဗိုလ်နေဝင်းပေးတဲ့အမွေ၊၊ တိုင်း ၇ တိုင်းဆိုတာလည်း ဗိုလ်နေဝင်းက ဗမာလူပြိန်း(လူကောင်းမပါ) တွေကို ကျောသပ်ချော့သိပ်ဖို့ ပေးထားတဲ့အမွေ၊၊ လူပြိန်းတွေကို အီးနံ့လေး ပေးထားတဲ့ သဘော၊၊ အခုထိ တို့တာဝန်အရေး သုံးပါးနဲ့ လူပြိန်းတွေ အပေါ် ရိုက်စားလို့ ကောင်းတုန်း၊၊ တခြားပြည်ထောင်စုဝင်လူမျိုးတွေက တပြည် နယ်စီဘဲရတဲ့ အချိန်မှာ ဗမာက ၇ ပြည်နယ်(သို့) ၇ တိုင်းများ တောင်ရထားတော့ တိုင်းတွေ အများကြီးရလို့ ကြေနပ်စရာလို့ ထင်စရာ ရှိပါတယ်၊၊ ဗမာတွေက လွတ်လတ် ရေးခေတ် အစပိုင်းမှာ ချောင်သလိုလိုနဲ့ အခုတော့လဲ ဖက်ဆစ်မျက်ကန်း မျိုးချစ်ဝါဒီတွေရဲ့ဒဏ်ကို ကျောကော့ အောင် ခံရတာဘဲ၊၊ ဒဏ်ခံရတဲ့ အတိုင်း အတာ၊ ပမာဏနဲ့ ကာလချင်းတော့ ကွာတာပေါ့၊၊

 
 

မွန်ပြည်နယ်နေ့ကို မဆလ ခေတ်တုန်းက မြို့တော်မော်လမြိုင်မှာ နှစ်စဉ် အာဏာပိုင်တွေ ဦးဆောင်ပြီး ကျင်းပပေးပေမဲ့ မွန်လူမျိုးတွေက အနှစ် သာရ မရှိ၊ ရွှေရည်စိမ်ပြည်နယ်မို့လို့ ဂရု စိုက်ကြတာမဟုတ်ပါဘူး၊၊ မွန်မျိုး ချစ် ဆရာတော်တပါးက ကဗျာတပိုဒ်ဖြစ်တဲ့ (ဍုင်မန်ကဟ် ကဟ် ညံင် အိက်ပဟ်) ကို (လိက်ဂတာပ်ခေတ်) မဂ္ဂဇင်းမှာ ထဲ့သွင်းခဲ့ပါတယ်၊၊ အဓိပ္ပါယ် က ချေချေး ခြောက်လို အနံ့ အရသာမဲ့တဲ့ မွန်ပြည် လို့ဆိုလိုတာပါ၊၊ လိက် ဂတာပ်ခေတ် မဂ္ဂဇင်းကို ထုတ်ဝေပြီး ဆရာတော်လဲ နှစ်ရှည်လများ မဆလ ရဲ့ထောင်နန်းစံ ခဲ့ရပါတယ်၊၊ ဒါကကြုံလို့ မွန်ပြည်နယ်နေ့ အကြောင်း တင်ပြဖြစ်တာ၊၊

နောက်တချက်က ဧရာဝတီ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတဲ့ ကော့ဂွန်း ဂူ ရဲ့နောက်ခံ သမိုင်းကြောင်းလေးပါ၊၊ ဘာတွေမှားနေတယ်လို့ မတင်ပြလို တော့ပါ၊၊ ဒါပေမဲ့ ကိုယ်ရဲ့ တင်ပြချက်က နဝတ၊ နအဖ ရဲ့ သမိုင်းဖြစ်ရပ်မှန် ပြုစုရေးအဖွဲ့လို မဖြစ်ဖို့တော့လိုတယ်၊၊ အဲဒီအလားတူ သတင်းကို မွန်သတင်း ဌာနတွေမှာ ရှာဖတ်ကြည့်လို့ ရပါတယ်၊၊

 
 

နောက်တချက်က ပြည်ထောင်စု ကိုရည်ညွှန်းတဲ့ အသုံးအနှုန်းလေးပါ၊၊ ကျုပ် တို့နေတဲ့ ပြည်ထောင်စု ဆိုတဲ့ရေမြေအပိုင်းအခြားဟာ လူမျိုး တမျိုး ထဲကပိုင်ဆုိင်တဲ့ တုိင်းပြည်မဟုတ်၊၊ ပြည်ထောင်စုဝင် လူမျိုး အသီး သီးက စုပေါင်းပိုင်ဆိုင်တဲ့ ပြည်ထောင်စုဖြစ်တယ်ဆိုတာ ကလေး ကအစ သိတယ်၊၊ အာဏာရ အဆက်ဆက်ကရော၊ တော်လှန်သူတွေဖက်ကရော လုိအပ်ရင် လိုအပ်သလို (တို့ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုများ) လို့ကျယ် ကျယ် လောင်လောင် နဲ့ အော်လေ့ရှိပါတယ်၊၊ ဖက်ဆစ်အာဏာ ရှင်တွေရော၊ ဒီမို ကရေစီ အင်အားစုတွေရော၊ ဗမာ စကား ပြောတဲ့ လူတိုင်းလိုလိုက လွယ် လွယ်နဲ့ ဗမာပြည်၊ ဗမာနိုင်ငံ၊ မြန်မာပြည်၊ မြန်မာနိုင်ငံလို့ ဖြစ်ကတတ်ဆန်း ပြောပြောနေကြတယ်၊၊

 
 

ပြည်ထောင်စု စိတ်ဓါတ်မွေးဖို့ဆိုရင် ပြည်ထောင်စုကို ရှင်းရှင်းလေး (ပြည် ထောင်စု) လို့ခေါ်ပါ၊၊ ဥပမာ၊၊ ၊၊ ၁၊၊ ကျနော်တို့ပြည်ထောင်စု လွတ်လတ်ရေး ရတာအနှစ် ၆၀ ကျော်ပြီ၊ လွတ်လတ်ရေး အရသာကို ပြည်ထောင်စုဝင် ဘယ် လူမျိုးမှ မခံစားရသေးဘူးနော်၊၊ ၂၊၊ ယမန်နေ့က ပြည်ထောင်စု နိုင်ငံသား မွန်လူမျိုးနှစ်ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းမှုပြုခဲ့ပါတယ်၊၊ အဲသလို ပြောရမှာ၊၊ အင်္ဂလိပ်လိုပြောတဲ့အခါမှာလဲ our Union ဒါမှမဟုတ် the Union of Burma လို့ ပြည်ထောင်စုနာမည် အပြည်အစုံကို ပြောဆိုဖေါ်ပြရပါတယ်၊၊ နောင် Burma ဆိုတဲ့ စကားလုံးက ပြည်ထောင်စု တခုလုံးကို ကိုယ်စား မပြုဘူးလို့ အများက ယူဆရင်လဲ ဥပဒေ ပြဌာန်း ပြောင်းလဲလို့ ရတာဘဲ၊၊ ကမ္ဘာ့ မီဒီယာတွေက ကိုယ့်ပြည်ထောင်စုအကြောင်း ဂဃနဏ မသိလို့ သူတို့ မခေါ်တတ်ရင် ကိုကလမ်းပြသင်ပေးရတယ်၊၊ ဒါမှ ပြောတဲ့သူကိုယ်တိုင်သော် လည်းကောင်း၊ နားထောင်ရသူအဖို့မှာသော် လည်းကောင်း ပြည်ထောင်စုကို ချစ်တဲ့စိတ်ဓါတ်၊၊ တန်ဖိုးထားတဲ့ စိတ်ဓါတ် တွေပေါ်လာမှာ၊၊ ဒါဟာ ငါတို့ရဲ့ ပြည်ထောင်စုဖြစ်တယ်၊ ဒီပြည်ထောင်စု ကောင်းစားအောင် ငါတို့လဲ လုပ်ဆောင် မယ်ဆိုတဲ့ စိတ်ဓါတ်တွေတိုး ပွားလာစေတယ်၊၊

မီဒီယာရဲ့အခန်းကဏ္ဍက ဒီမိုကရေစီထွန်းကားရေး၊ ဆက်လက်တည်မြဲ သွားရေး၊ အမှန်တရား ဖက်နဲ့ လူသားအကျိုးပြုရေးမှာ အသုံးချဖို့ဖြစ်လာ ပေမဲ့ တဖက်မှာ အဓမ္မဝါဒီတွေက မီဒီယာကို ပိတ်ပင်ပြီး မိမိတို့တဖက်သတ် ထုတ်လွှင့်တဲ့ လွဲမှားတဲ့လိမ်စဉ် တွေကိုဘဲ လူတွေကိုမှိုင်းတိုက်ဖို့ အစဉ်ကြိုး စားနေတယ်၊၊ ဒါကြောင့်အမှန်တရားပေါ်ထွန်းရေး၊ အဓမ္မဝါဒီ ပပျောက် ရေးမှာ မီဒီယာကဏ္ဍက အရေးကြီးသလို မီဒီယာသမားရဲ့ အရည်အသွေး၊ သိက္ခာ သမာဓိ ကိုယ်ကျင့် တရားနဲ့ စေတနာ ကောင်းဖို့က သိပ် အရေးကြီး ပါတယ်၊၊ သုံးနှုန်းတဲ့စကားလုံးတွေလဲ အဓိပ္ပါယ် တိကျ ရှင်းလင်းပြတ်သား ဖို့လိုပါတယ်၊၊ ယုံထင် ကြောင်ထင် စေတဲ့စကားလုံးတွေ တတ်နိုင်သမျှ ရှောင်ရှားရပါတယ်၊၊

ချုပ်ပြီးပြောရရင် မီဒီယာသမားတွေရဲ့အသံလွှင့်ချက်တွေ၊ ရေးသားဖေါ်ပြ ချက်တွေ၊ သုံးနှုန်းတဲ့ စကားလုံးတွေ၊ လုပ်ပုံကိုင်ပုံတွေဟာ မီဒီယာသမားရဲ့ လူမျိုးအခြေခံ၊ နိုင်ငံရေးခံယူချက်၊ ကြီးပြင်း လာတဲ့ ပတ်ဝန်းကျင် အသိုင်း အဝိုင်း၊ လေ့ကျင့် သင်ကြားခံခဲ့ရတဲ့ အလေ့အထ အတွေး အခေါ် အယူအဆ တွေကို ထင်ဟပ် ဖေါ်ပြနေလေ့ရှိပါတယ်၊၊

တခုတော့ရှိတယ် မိမိကိုယ်စားပြုတဲ့မီဒီယာဌာနရဲ့ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ် တွေ၊ အများပြည်သူ ရဲ့ယုံကြည်အားထားမှုတွေကို ထိန်းနိုင်ဖို့အတွက် မှန်ကန် တိကျတဲ့သတင်း အချက်အလက်တွေ ကို ပေးနိုင်စွမ်းရှိဖို့လိုပါတယ်၊၊ လူတိုင်း အမှားနဲ့မကင်းတတ်ကြပါဘူး၊၊ ဒါပေမဲ့ မီဒီယာသမား၊ သတင်း သမား တွေရဲ့ အမှားအတွက် အကျိုးသက်ရောက်မှုက ပိုမိုပြင်းထန်တတ်ပါတယ်၊၊ တခု သတိ ထားရမှာက အဲဒီအလားတူသတင်းတွေကို ပြည်ထောင်စုဝင် လူမျိုး အသီးသီး ကလဲ မိမိတို့ရဲ့ အမျိုးသားသတင်းမီဒီယာကနေ မိမိတို့ရဲ့ ကိုယ်ပိုင်ဘာသာ စကားအပြင် ဗမာဘာသာ နဲ့ရော ထုတ်လွှင့်နေကြတာမို့ မိမိသတင်းဌာနရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းငဲ့ကွက်တဲ့အနေနဲ့ သတင်းမှန်၊ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြနိုင်စေကြောင်း တင်ပြလိုက်ရပါသည်၊၊

ရိုးသားကြိုးစားမှုအပြည့်နဲ့ စုပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ပြည်ထောင်စု နိုင်ငံသူ နိုင်ငံသား အပေါင်း လွတ်လတ် ညီမျှ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု သစ်ဆီ အမြန်ဆိုက်ရောက်ရမှာပါ၊၊

မင်းတလပွန်

၂၈၊ ၀၂၊၂၀၀

No comments: